မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ် ထားသည့်အတိုင်း ရုံးအသုံးစရိတ် အပြည့်အဝမရရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားလိုက်သည်။
ယခုကဲ့သို့ မရရှိခြင်းမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အသစ်ရွေးချယ်ခဲ့သည့် ယခုနှစ်ဧပြီမှစတင်ကာ ယနေ့ထိ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဖြစ်နေခြင်းဖြစ်သည်။
ရုံးအသုံးစရိတ်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး နည်းဥပဒေတွင် ကျပ်ငါးသောင်းသတ်မှတ်ထားပြီးလျှပ်စစ်၊ ရေ၊ စက်သုံးဆီ၊ ရုံးအထွေထွေနှင့် စာရေးပစ္စည်းကိရိယာ စသည့်ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ခွဲ ခြောက်ခုဖြင့် တင်ပြတောင်းခံနိုင်သော်လည်း လက်ရှိတွင် စာရေးပစ္စည်းကိရိယာ တစ်ခုတည်းအတွက်သာ တင်ပြခွင့်ရှိတော့သည်။
“အသုံးပြုခွင့်တော့ပေးထားတယ်။ ဒါပေမဲ့ ပြရမယ့်ခေါင်းစဉ်က တစ်ခုတည်းဆိုတော့ မလုံလောက်ဘူးလေ။ တစ်လဆိုအေဖိုး (A4) ငါးထုပ်၊ ဘောပင်ဆယ်ဒါဇင်လောက်ဝယ်တာ ဘယ်လိုမှပြလို့မရဘူး။ အခုက ပေးသာ ပေးတယ်၊ မရတဲ့သဘောမျိုးဖြစ်နေတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ရှင်းပြသည်။
ယင်းကဲ့သို့ သတ်မှတ်ခြင်းသည် ခရိုင်နှင့် ပြည်နယ်အုပ်ချုပ်ရေးပိုင်း ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဒု-ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အစိုးရထုတ်နေ့စဉ်သတင်းစာများ၊ အပတ်စဉ်ထုတ် အစိုးရသတင်းဂျာ နယ်များကို ၀ယ်ယူကြရသည့်အပြင် သွားလာရေးစရိတ်၊ ဧည့်ခံစရိတ်၊ တယ်လီဖုန်းခ၊ စာရွက်စာတမ်းခနှင့် စာရင်းမပြနိုင်သည့် စရိတ်များလည်း ကျခံရလျက်ရှိသည်။
“တကယ်လို့ အသုံးစရိတ်မရဘူးဆိုရင် တစ်နည်းတစ်လမ်းနဲ့ သူတို့ထွက်ပေါက်ရှာမယ်။ အကြောင်းရှာပြီး ကျေးရွာ လူထု ဆီက အခွင့်အရေးရှာလာကြမယ်။ ဂွင် (ခွင်) ဖန်လာမယ်။ ဒီလိုဆိုရင် သန့်ရှင်းတဲ့အစိုးရ၊ ကောင်းတဲ့အစိုးရ ဘယ်တော့ဖြစ်နိုင်တော့မလဲ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြသည်။
ရပ်/ကျေးအုပ်ချူပ်ရေးမှူးများ၏ လစဉ်အသုံးစရိတ် အပြည့်အဝရရှိရေးအတွက် သြဂုတ်လ ၃၀ တွင် ချောင်းဆုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် တိုက်တွန်းထားပြီး စက်တင်ဘာလ ၁၈ တွင် စတင်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်လည်း တင်ပြသွားမည်ဟု သူကပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ရပ်ကွက်ပေါင်း ၃,၀၅၁ နှင့် ကျေးရွာအုပ်စုပေါင်း ၁၃,၆၂၀ ရှိသည့် အတွက် ရပ်/ ကျေးအုပ်ချုပ်ရေးရုံးပေါင်း ၁၆,၆၇၁ ရှိပြီး မွန်ပြည်နယ်တွင် ၃၀၀ ကျော်ရှိသည်။