သုံးစွဲမှုများသည့်အချိန်တွင် ဖုန်းလိုင်းပြတ်တောက်ခြင်းဖြစ်ဟု မြန်မာ့ဆက်သွယ်ရေးပြော

သုံးစွဲမှုများသည့်အချိန်တွင် ဖုန်းလိုင်းပြတ်တောက်ခြင်းဖြစ်ဟု မြန်မာ့ဆက်သွယ်ရေးပြော
by -
မဇ္ဈိမ

သြဂုတ် ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းအသုံးပြုသူအများစု ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ် ခဲ့ပြီး ယင်းသို့ဖြစ်ခြင်းမှာ သုံးစွဲမှုများသည့်အတွက် လိုင်းသုံးစွဲမှုကျပ်ခြင်းဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။

ယင်းသို့ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကို ဦးအောင်ကျော်သက်က “ဂျီအက်စ်အမ်ဖုန်းလိုင်းပြတ်တောက်မှုတွေကို မနက်ပိုင်းမှာ တစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ အဓိက,ကတော့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေမှာ အဖြစ်များပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေ လိုအပ်ချက်တွေကို ပြင်ဆင်နေပါတယ်”ဟု သြဂုတ် ၂၇ ရက်က မဇ္ဈိမကို ပြောသည်။

ဖုန်းလိုင်းပြတ်တောက်မှုအတွက် လိုအပ်သည့်ပြင်ဆင်နေမှုများ ပြုလုပ်နေပြီး အမြန်ဆုံး ကောင်းမွန်ရန် ဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ပြောသည်။

ဂျီအက်စ်အမ်ဖုန်းအသုံးပြုသူ ကုမ္ပဏီ ၀န်ထမ်းအမျိုးသမီးတစ်ဦးက “ ကျွန်မဖုန်းဆို မနေ့က (သြဂုတ် ၂၆ ရက်) ညပိုင်း ကတည်းက လိုင်းလုံးဝမမိပါဘူး။ ဒီမနက်တော့ လိုင်းမိတယ်။ ညနေပိုင်း (၄ နာရီ) ခန့်မှာတော့ ဖုန်းဆက်ရင် လိုင်းက ပြတ်လိုက် ပြန်ရလိုက် ဖြစ်နေပါတယ်”ဟု ဆိုသည်။

ယင်းသို့ဖုန်းလိုင်းပြတ်တောက်ခြင်းကို သြဂုတ် ၂၇ ရက်တွင် ဂျီအက်စ်အမ်ဖုန်းကိုင်ဆောင်သူ တော်တော်များများ ကြံုတွေ့ရကြောင်း အသုံးပြုသူများထံမှ သိရသည်။

WCDMA မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးကလည်း “ကျွန်မဖုန်းဆို မနက်ပိုင်းကလည်း ခေါ်လို့မရပါဘူး။ ဆက်တဲ့ အချိန်မှာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်၊ ဖုန်းပိတ်ထားတယ်။ အဲဒီလိုပဲပြောနေ ပါတယ်။ ဖုန်းသုံးတာ များလာလို့ လိုင်းကျပ်တာဖြစ်မယ်ထင်ပါတယ်”ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သြဂုတ်လအတွင်း ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းရှိသည်ဟု သိရသည်။ ကျပ် ၁၅၀၀ တန် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လခွဲတမ်းတွင် စတင်ချထားပေးခဲ့ပြီး ရန်ကုန်တွင် ဂျီအက်စ်အမ်ဖုန်း ချပေးခဲ့ သည့် ခွဲတမ်းက ပိုများသည်။

ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းများ တိုးချဲ့ရာတွင်လည်း ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို အဓိက တိုးချဲ့နေ သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မဇ္ဈိမနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

မြန်မာတစ်နို်င်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဆက်သွယ်ရေးစခန်း ပေါင်း ၄၀၀ ခန့် ထပ်မံတိုးချဲ့ ဆောက်လုပ်သွားရန်အတွက်လည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ပြည်တွင်းပြည်ပမှ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်မည့်ကုမ္ပဏီများကို သြဂုတ် ၂၂ ရက် က တင်ဒါ ခေါ်ယူထားသည်။

ဆက်သွယ်ရေးစခန်းများ တည်ဆောက်ရန် လိုအပ်သည့် ရေဒီယိုစခန်းတည်ဆောက်ရေးအတွက် အခြေခံ လုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာအဆောက်အအုံတည်ဆောက်ခြင်း၊ တာဝါတိုင်များ တည်ဆောက်ခြင်း၊ Power System တည်ဆောက်ခြင်း၊ လေအေးပေးစက်များ ပေးသွင်းတပ်ဆင်ခြင်း၊ အဆင့်မြင့် မိုးကြိုးလွှဲစနစ် ပေးသွင်း တပ်ဆင်ခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်ရန်အတွက် ကုမ္ပဏီများကို တင်ဒါခေါ်ယူခြင်းဖြစ်သည်။

Most read this week