၂၀၁၅ ခုနှစ်တွင် လျှပ်စစ်မီး အပြည့်အဝမရသေးသည့် ချင်းပြည်နယ် မြို့နယ်ခြောက်ခု၌ လျှပ်စစ်မီး ၂၄ နာရီ ရတော့မည်ဟု ချင်းပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။
ယင်းသို့ပေးနိုင်ရန် မဟာဓာတ်အားလိုင်းသွယ်တန်းခြင်းကို ယခုနှစ်အတွင်း ပြည်ထောင်စုအစိုးရမှ တာဝန်ယူပြီး
ဆော-ဂန့်ဂေါ်-ဟားခါး၊ ဟားခါး-ဖလန်း-သိုင်းငင်း၊ သိုင်းငင်း- ကလေး-ကလေးဝ၊ ပေါက်-မင်းတပ် တစ်လျှောက်တွင် သွယ်တန်းနေကြောင်းသိရသည်။
၂၀၁၅ ခုနှစ်တွင် မဟာဓာတ်အားလိုင်းကြိုးများ သွယ်တန်းခြင်းကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ရာ ဟားခါးမြို့ နယ်၊ ဖလမ်းမြို့နယ်၊ သိုင်းငင်း၊ ကလေး၊ ကလေးဝ၊ မင်းတပ်စသည့်မြို့နယ်များသည် လာမည့်နှစ်တွင် ၂၄ နာရီ လျှပ်စစ်မီးရတာ့မည်ဟု ဦးကျော်ငြိမ်းက ပြောသည်။
“မဟာဓာတ်အားကြိုးသွယ်တန်းခြင်းအတွက် ကုမ္ပဏီငါးခုကို ဆောင်ရွက်ခွင့်ပြုထားပါတယ်။ ဟားခါးမှာ မီးအပြည့် ရရင် ထန်တလန်မြို့နယ်ဘက်ကို မီးလွှဲပေးလို့ရပြီ”ဟု သစ်တောနှင့်သတ္တုဝန်ကြီးကပြောသည်။
ချင်းပြည်နယ်တွင် မတူပီ၊ ကန်ပက်လက်မြို့နယ်နှင့် ပလက်ဝမြို့နယ်များသည် လျှပ်စစ်မီး ၁၇ ရာခိုင်နှုန်းခန့်သာ ရသဖြင့် ချင်းပြည်နယ်တွင် လျှပ်စစ်မီးအနည်းဆုံးရရှိသည့်မြို့နယ်များဖြစ်သည်။
ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်နှင့်ရော လောင်စာပါ ဖြန့်ဖြူးနေပြီး လောင်စာဖြင့် လျှပ်စစ်မီးဖြန့်ဖြူး ခြင်းမှ အသုံးပြုရသည့်မြို့များသည် တစ်ညလျှင် နှစ်နာရီသာ မီးရရှိနေသည်ဟု ၎င်းက ပြောသည်။
မတူပီ၊ ဟားခါး၊ ဖလမ်းနှင့် ပလက်ဝမြို့နယ်တို့တွင် ဘုံတလာ ရေတံခွန်၊ လိုင်ဘားဆည်၊ ဒေါင်ဗား ဆည် ရေတံခွန်နှင့် ချောင်းငယ်အချို့မှ တောင်ကျရေ အားများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားရယူ သုံးစွဲမှုရှိနေပြီး မင်းတပ်မြို့နယ်တွင် လောင်စာဖြင့်လည်ပတ်နေသည့် အသေးစားလျှပ်စစ် စက်ရုံရှိနေသည်။
တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးလုံလောက်စွာ ရရှိနိုင်ရန် အချိန်ကြာဦးမည်ဖြစ်သည်ဟု သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောသည်။
“ချင်းပြည်နယ်က သက်ဆိုင်ရာ မြို့နယ်တွေမှာ ရေအားလျှပ်စစ်စက်ရုံတွေဆောက်ဖို့ ပြည်ထောင်စု အစိုးရကိုနေရာတောင်းထား တာရှိတယ်။ တချို့မြို့နယ်တွေက နှစ်နေရာ၊ သုံးနေရာလောက်ပေးတာ ရှိတယ်။ နောက်ထပ်ရေအားလျှပ်စစ်စက်ရုံတွေ ပြည်နယ်အတွင်း မှာ ထပ်ဆောက်ဖို့ ကြာဦးမှာ”ဟု ၎င်းက ပြောသည်။
ပြည်နယ်၏ တစ်ဦးချင်းဝင်ငွေမှာ တစ်နှစ်လျှင် ကျပ်သုံးသိန်းနီးပါးဖြစ်ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ဆင်းရဲနွမ်းပါး မှုနှုန်းမှာ မြို့ပြ၌ ၅၂ ဒသမ ၁ ရာခိုင်နှုန်း၊ ကျေးလက်ဒေသတွင် ၈၀ ရာခိုင်နှုန်းကျော်ရှိနေရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ချင်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ရ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပါသည်။