ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းလေးကန်အတွင်း ခရုများဖျက်ဆီးမှုကြောင့် ကောက်ပင်များ၊ သီးနှံပင်များ ပျက်စီးနေကြောင်း အင်းလေးဒေသရှိ တောင်သူများက သြဂုတ် ၁၉ ရက်တွင် မဇ္စျိမကို ပြောသည်။
အင်းဒေသရှိ ကျွန်းကြီးတောင် ကျေးရွာမှ စပါးစိုက်တောင်သူ ဦးစံငြိမ်းက “ခရုတွေက အင်းလေးကန် အလယ် ကနေစီးပြီးတော့ပါလာတာပါ၊ ရေစီးချောင်းအတွင်း လိုက်တက်လာပြီးတော့ သီးနှံပင်တွေ၊ ကောက်ပင်တွေကို ဖျက်စီးတော့တာပါပဲ”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ဒီခရုတွေ စားသွားတဲ့ စပါးပျိုးပင်တွေနေရာမှာ ပြန်ပြီးတော့ ပျိုးပင်အသစ်တွေ ထပ်စိုက်
နေရတော့ စားရိတ်လည်းပိုတယ်၊ လုပ်အား ခလည်း ပိုမိုကုန်နေပါတယ်၊ ပျိုးပင်အပို မရှိသူတွေ ဆိုရင်တော့ ခရုတွေစားသွားတဲ့နေရာကို ပြန်ဖာဖို့ မရှိတော့ပါဘူး”ဟု ဆိုသည်။
ယင်းကဲ့သို့ သီးနှံပင်များ ခရုများဖျက်စီးခြင်း ခံနေရသည့်အတွက် စပါးအထွက်နှုန်း တစ်ဝက်ခန့်လျော့ကျ သည်ဟုလည်း တောင်သူများက ဆိုသည်။ ခရုများသည် ညအချိန်တွင်မှ စပါးပျိုးပင်များကို ကိုက်ဖျက် စားတတ်ပြီး ၂၀၀၅ ခုနှစ်က စတင်ကာ အင်းလေးကန်အတွင်း ခရုများရောက်ရှိလာခြင်းဖြစ်ကာ မျိုးပွားနှုန်း မြန်သဖြင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင်ပြီး ပိုမိုပွားများခြင်း ဖြစ်သည်ဟုလည်း အင်းလေးဒေသခံ တောင်သူများက ပြောသည်။
ဦးစံငြိမ်းက “အခုလိုဖြစ်နေတာ အင်းလေးတစ်နယ်လုံးပါ၊ ညအချိန်ဆိုရင် ခရုတွေက စပါးပင်တွေ ဒိုက်ပင်တွေမှာ ဥတွေ ဥချတတ်တယ်၊ ခရုတွေ လိုက်ကောက်ပြီးတော့ မြေပေါ်ပုံထားတာတောင် အကောင်ရေများလို့ မရည်တွက်နိုင်ပါဘူး”ဟု မဇ္စျိမကို ပြောသည်။
ယင်းကဲ့သို့ စပါးပျိုးပင်များအား ဖျက်ဆီး စားသောက်နေသည့် ခရုကြီးများသည် အညိုရောင် ဖြစ်ပြီး၊ လုံးပတ် တစ်လက်မခွဲခန့် ရှိကြောင်း၊ ယင်းခရုများကြောင့် စပါးစတင်စိုက်ပျိုးသည့် မတ်လနှင့် စပါးရိတ်သိမ်းချိန် သြဂုတ်လတို့တွင် အခက်ခဲများ ကြံုနေရကြောင်း မင်းချောင်း အလယ်ရွာဒေသခံ တောင်သူများက ပြောသည်။