လက်ပံတောင်းတောင် စီမံကိန်းအတွက် ဆန္ဒပြမှုကြောင့် ဒေါ်နော်အုံးလှ အပါအဝင် တက်ကြွလှုပ်ရှားသူ အမျိုးသမီး များကို ဖမ်းဆီးမှုအပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဒေါ်နော်အုန်းလှနှင့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးကိုးဦးသည် သြဂုတ် ၁၃ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမှာ လက်ပံတောင်းတောင်စီမံကိန်းအတွက် ဆန္ဒပြခဲ့ကြအပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။“အမျိုး သမီးအခွင့်အရေး အတွက် ငြိမ်းချမ်းစွာ ဆောင်ရွက်နေတဲ့သူတွေကို အကြမ်းဖက်တာ၊ သိက္ခာချနေတာဟာ မဖွယ်မရာကိစ္စ တွေပါ။ ဒီလုပ်ရပ်တွေဟာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေ ပါတယ်ဆိုတဲ့အချက်ကိုလည်း အားနည်းစေပါတယ်”ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောကြားသည်။
ဒေသခံ ငါးဆယ်ကျော်ခန့်နှင့်အတူ ဒေါ်နော်အုန်းလှသည် မုံရွာမြို့လည်တွင် စုစည်းခဲ့ပြီး အငြင်းပွား ဖွယ်ဖြစ်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆိုင်းငံ့ထားရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲရန်အတွက်တောင်းဆိုကြစဉ် အင်အားတစ်ရာခန့်ရှိ ရဲတပ်ဖွဲ့များက ၀ုိင်းဝန်းခဲ့ကြသည်။
ထို့နောက် ဒေါ်နော်အုန်းလှအပါအဝင် ဆန္ဒပြခေါင်းဆောင်သူများကို ရဲတပ်ဖွဲ့များက ကားပေါ်သို့ဆွဲခေါ်သွားပြီး အင်္ကျီများ စုတ်သွားသည်အထိ ဖြစ်ခဲ့သည်။
ယခုကဲ့သို့ ဒေါ်နော်အုန်းလှနှင့် အမျိုးသမီးများ ဖမ်းဆီးခံရမှုကို အစိုးရအနေနှင့် မဖြစ်မနေချက်ချင်း လွှတ်ပေးရန်နှင့်နိုင်ငံသားအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ခွင့်ပြုပေးရန် အမျိုးသမီးများအဖွဲ့ ချုပ် (မြန်မာနိုင်ငံ) က တိုက်တွန်းတောင်းဆို လိုက်သည်။
ထို့ပြင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနှင့် လယ်သမားအရေး ဆောင်ရွက်သည့်အတွက် ဖမ်းဆီး ခံထားရသည့် ဒေါ်မိမိခိုင်၊ ဒေါ်မြင့်မြင့်အေးနှင့် ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာတို့ကိုလည်း လွှတ်ပေးရန်
တောင်းဆိုလိုက်သည်။