ရှမ်းသုံးပါတီ ပူးပေါင်းရေး ရွေးကောက်ပွဲကော်မရှင်၏ ကန့်သတ်ချက်ကြောင့် ပျက်ပြားရဟုဆို

ရှမ်းသုံးပါတီ ပူးပေါင်းရေး ရွေးကောက်ပွဲကော်မရှင်၏ ကန့်သတ်ချက်ကြောင့် ပျက်ပြားရဟုဆို
by -
မဇ္ဈိမ

ရှမ်းတိုင်းရင်းသားများ၏ ပါတီသုံးခု ပူးပေါင်းရန် ကော်မတီဖွဲ့ ဆောင်ရွက်ခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ ကန့်သတ်ချက်များကြောင့် ထိုအစီအစဉ်ကို ဖျက်လိုက်ရကြောင်း ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပါတီများ ပူးပေါင်းပြီး ပါတီသစ်အဖြစ် ထူထောင်လိုပါက မူလပါတီများ ကို ဖျက်သိမ်းရမည်ဖြစ်သလို၊ထိုပါတီများမှ ရွေးကောက်ပွဲဝင်ခဲ့သည့် အမတ်များသည်လည်း အသစ် ထောင်လိုက် သည့် ပါတီမှ အမတ်အဖြစ် ပြောင်းလဲသတ်မှတ်ရန် သို့မဟုတ် ပါတီသစ်အမည်ဖြင့် မရပ်တည်လိုသော အမတ် သည်လည်း တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခွင့်ပြုရန် ထိုကော်မရှင်ထံ လျှောက်ထားရမည်ဟု ဇွန်လ ဒုတိယပတ်က ထုတ်ပြန်ခဲ့သည်။

“အဲဒီ့လို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေငြာချက် ထုတ်လိုက်တော့ အန်ကယ်တို့မှာ အရမ်းကို အခက်အခဲဖြစ်သွားတယ်။ ပါတီဝင်တချို့က ကျားဖြူပါတီကြီးကို ဖျက်သိမ်းရမယ်ဆိုတော့ မကြိုက်တဲ့သူက တစ်ဝက်ကျော်နေတယ်”ဟု ဦးစိုင်းအိုက်ပေါင်းက ပါတီပူးပေါင်းမှုအစီအစဉ်ကို ဖျက် သိမ်းရခြင်းအကြောင်းကို ရှင်းပြသည်။

ကျားဖြူပါတီသည် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့နှင့် သုံးပါတီ ပူးပေါင်းရေး ကြိုးပမ်းရန်အတွက် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်က ရှမ်းပါတီများ ပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကျားဖြူပါတီက ထိုသို့ ကော်မတီဖွဲ့၍ ရှမ်းပါတီများ ပေါင်းရန် ကြိုးပမ်းနေသော်လည်း ကျန်နှစ်ပါတီဘက် ကမူ မူဝါဒများ မတူ၍ ပူးပေါင်းရန် ဆန္ဒမရှိကြောင်း ဆိုကြသည်။

“မူဝါဒမတူလို့မပေါင်းတာ။ မူဝါဒတူရင် ကျွန်တော်တို့ပူးပေါင်းတာပဲ။ ကျွန်တော်တို့က ၁၉၉၀ ရွေးကောက်ပွဲကို ၀င်တယ်။ ၂၀၀၈ ကို လက်မခံလို့ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဘူး။ သူတို့က (ကျားဖြူပါတီက) ၂၀၀၈ ကို လက်ခံ တည်းက ကွဲနေပြီလေ။ ကျွန်တော်တို့က ၂၀၀၈ ကို လက်မခံဘူး။ ပူးပေါင်းဖို့ SNDP (ကျားဖြူပါတီ)နဲ့ ဆွေးနွေးခဲ့တာ မရှိသေးဘူး” ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးခွန် ထွန်းဦးက ပြောသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌဦးစိုင်းဌေးအောင်ကလည်း “ကျွန်တော်တို့ ကတော့ ပူးပေါင်းဖို့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့ကတော့ ရှမ်းပြည်ထဲက ပါတီတွေနဲ့ သိပ်မတူကြ ဘူးလေ။ နယ်မြေ လည်း မတူတဲ့အခါကျတော့ ပေါင်းဖို့ အစီအစဉ်မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

Most read this week