ပဲခူးတွင် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် သွေးစွန်းကျောက်တိုင် အလေးပြုသူများကို တားမြစ်

ပဲခူးတွင် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် သွေးစွန်းကျောက်တိုင် အလေးပြုသူများကို တားမြစ်
by -
မဇ္ဈိမ

ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်အနေဖြင့် ယင်းအရေးတော်ပုံတွင် ကျဆုံးခဲ့ရသော ရဟန်းသံဃာများ အပါအဝင်ကျောင်းသားများနှင့် အခြားသူများကို ဂုဏ်ပြုသော အားဖြင့် ပဲခူးမြို့ရှိ သွေးစွန်းကျောက်တိုင်တွင် လွမ်းသူ့ပန်းခွေချအလေးပြုခဲ့သူများကို ပဲခူးမြို့နယ်ရဲမှုးက တားဆီးခဲ့သည်ဟု ဆိုသည်။

ယင်းသို့ အလေးပြုခြင်းကို သြဂုတ် ၆ ရက်နေ့လည်ပိုင်းတွင် လူဦးရေ ၂၀ ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့နယ် ရဲမှူးမှ တားဆီးခဲ့ခြင်းဖြစ်သည်ဟု ပဲခူးရှစ်လေးလုံးငွေရတုပွဲဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦး ဖြစ်သူ ကိုဂျမားက မဇ္စျိမကိုပြောသည်။

ရှစ်လေးလုံးငွေရတုပွဲကျင်းပခြင်းကို ပဲခူးမြို့တွင် နေရာရှစ်ခုခွင့်ပြုပေးခဲ့ပြီး ယင်းနေရာရှစ်ခုတွင် သွေးစွန်း ကျောက်တိုင်မပါ၀င်ဟု သိရသည်။

ကိုဂျမားက “ရှစ်လေးလုံး အရေးတော်ပုံငွေရတုပွဲကို ပဲခူးခန်းမမှာ ကျင်းပခွင့်တော့ရရှိခဲ့တယ်။ ဒါပေမဲ့ သွေးစွန်းကျောက်တိုင်မှာ ကျွန်တော်တို့အဖွဲ့တွေ ပန်းခြင်းချ၊ အလေးပြုနေတာကို ပဲခူးရဲမှူးကလာပြီးပန်း ခြင်းတွေကို ကားပေါ်ပစ်တင်ယူသွားတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သူရဲကောင်းတွေကို အလေးပြုတာ ခွင့်ပြုချက်မယူဘဲ အလေးပြုခွင့်ရှိတယ်လို့ထင်တယ်” ဟု ပြောသည်။

အဆိုပါ သွေးစွန်းကျောက်တိုင်မှာ ပဲခူးမြို့အမှတ် (၃) အထကကျောင်းရှေ့တွင်ရှိပြီး ၈၈ အရေးတော်ပုံတွင် သေဆုံးသွားခဲ့သူများအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားသည့် ကျောက်တိုင်ဖြစ်သည်။

ယင်းကဲ့သို့ သွေးစွန်းကျောက်တိုင်တွင် အလေးပြုခြင်းကိုတားမြစ်ခြင်းနှင့် ပတ်သက်၍ ပဲခူးမြို့နယ် ရဲမှူး ဦးမြဝင်းသို့ မဇ္စျိမကဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ၎င်းက “ရှစ်လေးလုံးငွေရတုပွဲကို ပဲခူးမြို့နယ်မှာ ရှစ်နေရာကျင်းပခွင့်တင်ပြတောင်းဆိုထားပါတယ်။ အခုအလေ့ပြုကြတဲ့ သွေးစွန်းကျောက်တိုင်က ခွင့်ပြုချက် တောင်းခံတဲ့နေရာမှာ မပါ၀င်တဲ့အတွက် အခုလိုတားမြစ်ရခြင်းဖြစ်တယ်” ဟုပြောသည်။

ရှစ်လေးလုံး ငွေရတုပွဲအထိမ်းအမှတ်ပွဲများကို ပြည်တွင်းနေရာဒေသ တော်တော်များများတွင် သြဂုတ် ၅ ရက်မှ စတင်ကျင်းပနေပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် စိုက်ထူထားသော ပိုစတာများကို အာဏာပိုင်များက သြဂုတ် ၅ ရက်တွင် ဖျက်သိမ်းခဲ့သည်ဟုလည်း ယင်းမြို့ ငွေရတုပွဲကျင်းပဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးထံမှလည်း သိရသည်။

Most read this week