လက်ရှိ တည်ဆောက်နေဆဲဖြစ်သည့် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယင်းလမ်းကို တစ်လခွဲခန့် ပိတ်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနှင့် ယင်းလုပ်ငန်းကို လုပ်ဆောင်သည့် ကုမ္ပဏီမှ သိရသည်။
လမ်းပိတ်ထားခြင်းကို ဩဂုတ် ၆ ရက်မှ စက်တင်ဘာ ၁၈ရက်အထိ ရက်သတ္တပတ် ခြောက်ပတ် ပိတ်ထားမည်ဖြစ်ပြီး ပိတ်ထားသည့် ကာလအတွင်း ကမ္ဘာအေးဘုရားလမ်းမှ ဖြတ်သန်းမည့်ယာဉ်များသည် အနောက် ရွှေဂုံတိုင်လမ်း၊ရေတာရှည်လမ်းကြား တောရလမ်းများမှ ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
ယင်းသို့ လမ်းပိတ်ထားသော်လည်း ယာဉ်ငယ်များသွားလာနိုင်မည်ဖြစ်ပြီး ခရီးသည်တင်ယာဉ်များနှင့် အမြင့် ၁၀ ပေ နှင့် အထက်ပိုသော ယာဉ်လတ်များ၊ ယာဉ်ကြီးများ အန္တရာယ်ကင်းစွာသွားလာနိုင်မည့် အမြင့်ကင်းလွတ်ချက် မရှိသောကြောင့် ယင်းယာဉ်များသည် ရှောင်ကွင်းလမ်းများက သွားလာကြရ မည်ဖြစ်သည်။
ရွှေဂုံတိုင် လမ်းဆုံတည်ဆောက်ရေး စီမံကိန်းကြောင့် ရွှေဂုံတိုင်မီးပွိုင့် တောင်ဘက်ခြမ်း (မြန်မာ့အလင်း သတင်းစာတိုက်နေရာမှ မီးပွိုင့်အထိ) ရှိ တံတားတိုင် အမှတ် P4. P3. P2. P1. P200 နှင့် P100 တို့တွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ခြောက်ပတ်ခန့်ပိတ်ထားမည်ဖြစ်သည်။
ယင်းသို့လမ်းပိတ်ထားခြင်းနှင့် ပတ်သက်ပြီး Capital Development ကုမ္ပဏီမှ ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်း ဒါရိုက်တာ ဦးအေးသော်က “လမ်းကို ခြောက်ပတ်ကြာ ပိတ်သွားပါမယ်” ဟု ပြောသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ပန္နက်တင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ တတိယအပတ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟုလည်း ဦးအေးသော်က ပြောကြားသည်။
ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှုအများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် လမ်းဆုံတို့ကို ခုံးကျော်တံတားများဆောက်လုပ်ခဲ့ပြီး လှည်းတန်း ခုံးကျော်တံတား ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပန္နက်တင်၍ စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ယာဉ်များ စတင်သွားလာနိုင်ခဲ့သည်။
ဆောက်လုပ်ဆဲ ခုံးကျော်တံတားများမှာ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားတို့ ဖြစ်သည်။ ဘုရင့်နောင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှ စတင် တည်ဆောက်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။