ဗီယက်နမ်တွင် ပြုလုပ်မည့် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ ရှမ်းပြည်နယ်က နိုင်ငံကိုယ်စားပြု ပြိုင်မည်

ဗီယက်နမ်တွင် ပြုလုပ်မည့် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ ရှမ်းပြည်နယ်က နိုင်ငံကိုယ်စားပြု ပြိုင်မည်
by -
မဇ္ဈိမ

ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လ ၁၅ ရက်၌ ကျင်းပမည့် တိုင်းရင်းသား ရိုးရာ အဆိုအကပြိုင်ပွဲကို ရှမ်းပြည်နယ်မှ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် စာကြည့်တိုက် ဦးစီးဌာန
ညွှန်ကြားရေးမှူး ဒေါ်နန်းလောင်ငင်းက ပြောသည်။

“ရှမ်းပြည်နယ်က ဗီယက်နမ်မှာ တိုင်းရင်းသား ရိုးရာတူရိယာနဲ့ ကတဲ့ တိုင်းရင်းသားအကရယ်၊ တိုင်းရင်းသား အဆိုရယ် အဖွဲ့ဝင် ၂၈ ဦး၊ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ် ၁၁ မျိုးကနေ သွားရောက် ယှဉ်ပြိုင်မှာပါ၊ ရှမ်းပြည်အနေနဲ့ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်တာ ပထမဆုံးပါ”ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် လီဆူး၊ ရှမ်း၊ အခါ၊ ၀၊ ကိုးကန့်၊ ပအိုဝ်း၊ အင်း၊ ဓနု၊ လားဟူ၊ တောင်ရိုး၊ ပလောင် တိုင်းရင်းသားလူမျိုး ၁၁ မျိုးက စုပေါင်းဖျော်ဖြေ ယှဉ်ပြိုင်မည် ဖြစ်သည်။

“ဓနုရိုးရာတေးသီချင်း၊ ရှမ်းပြည် အလှကွက်၊ အိုးစည်ဝိုင်းအက၊ လားဟူ တိုင်းရင်းသားတေးသီချင်း၊ ၀ရိုးရာ တေးသီချင်း၊ ပအိုဝ်း တိုင်းရင်းသားတေးသီချင်း၊ ရှမ်းရိုးရာသိုင်းအက၊ တိုးနယားအက၊ ကိန္နရီ၊ ကိန္နရာအကတို့အား ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆို ငါးပုဒ်၊ အက ငါးပုဒ်ကို အချိန် ၁ နာရီခန့်အတွင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြည်တွင်းခရီးစဉ်အတွင်း နေထိုင်စားစရိတ်၊ ကုန်ကျစရိတ်တို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အကုန်ကျခံပေးပြီး၊ ဗီယက်နမ်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် မှု အတွက် လေယာဉ်ခ၊ တည်းခိုစရိတ်တို့ကို ဗီယက်နမ်အစိုးရအဖွဲဲ့က အကုန်ကျခံ စီစဉ်ပေးထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်က မဇ္စျိမကို ပြောသည်။

“အရင်နှစ်တွေက နိုင်ငံကိုယ်စားပြုအနေနဲ့ ရခိုင်သွားပြီးပြီ၊ မွန်သွားပြီးပါပြီ ဒီနှစ်ပွဲအတွက် နိုင်ငံကိုယ်စားပြု ရှမ်းပြည်နယ်ကို ဖိတ်လို့ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မှာဖြစ်တယ်”ဟု ဦးရဲနိုင်အောင်က ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လ ၁၅ ရက် ကျင်းပမည့် တိုင်းရင်းသားရိုးရာ အဆိုအကပြိုင်ပွဲအတွက် အာဆီယံနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာတို့ကို ဗီယက်နမ် အစိုးရက ဖိတ်ကြားထားပြီး ယခုနှစ် ပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံ၊ Quangitri ပြည်နယ်၊ Dongha မြို့တွင် သြဂုတ် ၁၁ ရက်မှ ၂၀ ရက်အထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်သည်။

Most read this week