မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ အဓိက ဆန်တင်ပို့လျက်ရှိသည့် မူဆယ်ဒေသတွင် အဆင့်မီ ကုန်စည်သိုလှောင်ရုံများ လုံလောက်မှုမရှိရာ ကျပ်သိန်းပေါင်း တစ်သိန်း စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ပြထားကြောင်း မူဆယ်ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များ က မဇိ်္စျမသို့ ပြောသည်။
စီမံကိန်းအတွက် မူဆယ်ဒေသခံ လုပ်ငန်းရှင်များနှင့် ကုန်သည်များပါ၀င်သော ရှမ်းမြောက်ဒေသ တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက မတည်ငွေကျပ်သိန်း တစ်သိန်းဖြင့် ဆောင်ရွက်ရန် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ခဲရပြီး ယခုနှစ် အတွက်လည်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သန်းခန့် တင်ပို့ရန် မျှော်မှန်းထားရာ လာမည့် မိုးစပါးပေါ်ချိန် တွင် ဆန်တန်ချိန် အလုံးအရင်းဖြင့် တင်ပို့မည့်ကာလအတွက် သိုလှောင်ရုံ အလုံအလောက် မရှိသည့် အခက်အခဲအား ကြံုတွေ့နိုင်ကြောင်း မူဆယ်ဆန်ကုန်သည်များက ဆိုသည်။
ဆန်တန်ချိန်တင်ပို့မှုများသည့် အချိန်တွင် နေ့စဉ် မူဆယ်ကုန်စည်ဒို်င်သို့ ဆန််အိတ် နှစ်သောင်း နီးပါးခန့် ၀င်လျက်ရှိရာ ၁၅ ရက် ၀န်းကျင်ဆိုလျှင် ဆန်အိတ်သုံးသိန်းနီးပါးရှိသည်။ တရုတ်နိုင်ငံတွင် ဆန်ကျန်ပြီး စျေးနှိမ်ခံရချိန်မျိုးတွင်မြန်မာဘက်၌ ထားရှိရန်မှာလည်း သိုလှောင်ရုံ မလုံလောက်သဖြင့် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ရကြောင်းဒေသခံ ဆန်ကုန်သည်များက ပြောသည်။
မူဆယ်ကုန်စည်ဒိုင်၊ ဒုတိယ ဥက္ကဌ ဦးချမ်းသာဦးက ဒီမှာက “ဆန်အိတ် သုံးသောင်းလောက် စနစ်တကျ သိုလှောင်နိုင်တဲ့ လေဝင်လေထွက် ကောင်းကောင်း၊ အဆင့်မီ ကုန်ရုံက ငါးလုံးပဲရှိတယ်၊ အဆင့်မီတဲ့ သိုလှောင်ရုံ အနည်းဆုံး ၄၀ လောက်လိုအပ်နေတယ်” ဆိုသည်။
ဦးချမ်းသာဦးက “အဆင့်မီ သိုလှောင်ရုံက တစ်ယောက်တည်းလဲလုပ်လို့ မရဘူး၊ အဓိက လိုအပ်ချက်ကို ဆန်တစ်ဖွဲ့တည်းနဲ့လဲ လုပ်လို့မနိုင်ဘူး၊ ကုန်စည်မျိုးစုံပါ၀င်တဲ့ အများစုနဲ့ လုပ်မှရမယ်၊ စီမံကိန်း တစ်ခု အနေနဲ့ လုပ်လို့ရပြီး သိုလှောင်ရုံတွေကို စျေးချိုချိုသာသာနဲ့ ရပြီဆိုရင် ဒီအခက်အခဲတွေအတွက် ပြေလည်ပြီ ”ဟု မဇိ်္စျမသို့ ပြောသည်။
မူဆယ်ဒေသမြေနှင့် အဆင့်မီ ဆန်သီးသန့်သိုလှောင်ရုံ တည်ဆောက်မည်ဆိုလျှင် သိန်းလေးထောင်ဝန်း ကျင်ခန့် ကုန်ကျမည်ဖြစ်ရာ စီမံကန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုလျှင် သိုလှောင် ရုံတစ်ရုံအား သိန်း ၆၀၀ ၀န်းကျင်သာ ကုန်ကျမည် ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များက သုံးသပ်ပြသည်။
မူဆယ်မှ တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိသော ဆန်အပြင် အခြားကုန်များဖြစ်သည့် ပြောင်း၊ နှမ်းနှင့် အခြားကုန်မျိုးများအတွက်လည်း ကုန်သိုလှောင်ရုံများ လုံလောက်မှုမရှိရာ နေရာကျယ်ကျယ် ရရှိသော သိုလှောင်ရုံ မဟုတ်သည့် အဆောက်အအုံများတွင်သာ ထားရှိရသဖြင့် ဆုံးရှုံးလျက်ရှိကြောင်း ကုန်သည်များက ဆိုသည်။