ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပြီး ယင်း အစီရင်ခံစာကို ကုလသမဂ္ဂသို့ တင်ပို့သွားမည်ဟု ယင်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာက မဇ္ဈိမကို ပြောသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သြဂုတ် ၁ ရက်တွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ရခိုင်လူမှုအဖွဲ့အစည်းများ၊ အစ္စလာမ်အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ပြည်တွင်းပြည်ပ မီဒီယာများကို ရှင်းလင်းခဲ့ပြီး ယင်းအစီရင်ခံစာကို အစိုးရရုံးများ၊ လွှတ်တော်များနှင့် ကုလသမဂ္ဂနှင့် အဖွဲ့အစည်းများသို့ပါ ပေးပို့သွားမည်ဟု ပြောသည်။
အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက “ဒီအစီရင်ခံစာက ပဋိပက္ခ ထပ်မံဖြစ်ပွားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး၊နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နောက်ပြီး ပြည်ပမီဒီယာတချို့ အထင်အမြင် လွဲနေတာတွေကြောင့် အဖြစ်မှန်ကို ပိုမိုပြည့်စုံစွာ သိရအောင် ထုတ်ပြန်တာပါ”ဟု မဇ္ဈိမကို ပြောသည်။
ယင်းအစီရင်ခံစာတွင် ရခိုင်နှင့် ဘင်္ဂလီတို့၏ ဓလေ့စရိုက်များကို သမိုင်း အထောက်အထားများဖြင့် ရေးသားခဲ့ပြီး၊ ပဋိပက္ခနှင့်ပတ်သက်သော လေ့လာ သုတေသနပြုချက်များကိုလည်း ထည့်သွင်း ရေးသားထားသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ တက်ရောက်လာသော အဖွဲ့အစည်းများက ဝေဖန်မှုများရှိခဲ့ပြီး လက်ရှိ တည်ငြိမ်နေသည့် အနေအထားတွင် မလိုလားအပ်သောပြဿနာများ ထပ်ဖြစ်နိုင်သည့်အချက်များ ထည့်သွင်းရေးသားထားသည်ဟု တက်ရောက်သူတချို့က ပြောသည်။
ပွဲသို့ တက်ရောက်လာသူ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က “ဒီအချိန်မှာမလိုလားအပ်တာ တွေကို ဦးတည်တာတော့ မဟုတ် ဘူးပေါ့။ ဒါပေမယ့် လက်ရှိမှာ ကုလသမဂ္ဂနိုင်ငံ တွေကလည်း ဒီအရေးကို နားလည်မှု လွဲနေတာရှိတယ်၊ ဒါကြောင့် အဲဒီအထိရောက်အောင် ပို့မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့” ဟု မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ် မေလအတွင်းက မတူညီသည့် လူမျိုးစု နှစ်စုကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူများစွာ သေဆုံးပြီး အိုးအိမ် များလည်း ပျက်စီးခဲ့ရသည်။ ယင်းဖြစ်စဉ်များကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်၏ အစီရင်ခံစာကို ယခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သည်။