မန်းတွင် ငွေကျပ် ၁၃၂ သန်းတန် မူးယစ်ဆေးများ ဖမ်းမိ

မန်းတွင် ငွေကျပ် ၁၃၂ သန်းတန် မူးယစ်ဆေးများ ဖမ်းမိ
by -
မဇ္ဈိမ

မန္တလေးတွင် ငွေကျပ်အားဖြင့် ၁၃၂ သန်း ကျော်တန်ဖိုးရှိသော မူးယစ်ဆေးများကို ဇူလိုင် ၃၀ ရက်က ဖမ်းဆီးရမိလိုက်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်မှတဆင့် သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့်အဖွဲ့မှာ မန္တလေးမြောက်ပိုင်းခရိုင် မူးယစ်နှိမ်နှင်းရေးရဲတပ်ဖွဲ့မှဖြစ်ပြီး ၎င်းတို့သည် ထိုမူးယစ်ဆေးများကို ဇူလိုင် ၃၀ ရက် ညနေခြောက်နာရီအချိန်၌ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ် ရှိအိမ်တစ်လုံးမှ ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ရဲများကသတင်းရသဖြင့် ထိုနေအိမ်တွင်ဝင်ရောက်ရှာဖွေစဉ် အသက် ၂၇ နှစ်အရွယ်ကိုချစ်ပွိုင့်၊ အသက် ၂၅ နှစ်အရွယ် ကိုဇာနည်မောင်၊ အသက် ၂၅ နှစ်အရွယ် မတင်တင်စိုးနှင့် အသက် ၂၂ နှစ်အရွယ် မအေးအေးအောင်တို့ လေးဦးကိုလည်းတွေ့ရှိသဖြင့် ဖမ်းဆီးထားသည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

နေအိမ်အတွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများမှာ ဆူဒိုအက်ဖီဒရင်းဆေးပြား ၉၅၀၀၀၀ ကျော်နှင့် ဆူဒိုအက်ဖီဒရင်းအမှုန့် ၉ ဒသမ ၅ ကီလိုဂရမ်နှင့် အက်ဖီဒရင်း ၁ ဒသမ ၅၅ ကီလိုဂရမ်တို့ကို ရှာဖွေဖမ်း ဆီးရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးများ၏ စုစုပေါင်းတန်ဖိုးမှာငွေကျပ် ၁၃၂ သန်းရှိကြောင်းလည်း ရဲများက ထုတ်ပြန်သည်။

ထို့ပြင် နေအိမ်အိပ်ခန်းအတွင်းရှိ ပိုက်ဆံအိတ်အတွင်းမှလည်း ပလတ်စတစ်အိတ်အကြည်ဖြင့် ထည့်ထားသော တန်ဖိုးအားဖြင့် ကျပ်သုံးသိန်းခန့်တန်သည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၆၀ ပြားကို ထပ်မှတွေ့ရှိခဲ့ရသလို၊ငွေကျပ်သိန်း ၂၄၀ ကို လည်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲဌာနကထုတ်ပြန်သည်။

မူးယစ်ဆေးများကို ရှာဖွေတွေ့ရှိသည့်အိမ်၌ ဖမ်းဆီးခဲ့သူများကို စစ်မေးရာတွင် ထိုဆေးများကို အိန်္ဒိယနိုင်ငံ မိုရေးမြို့တွင် ပြန်လည်ရောင်းချရန် ၀ယ်ယူလာခြင်းဖြစ်သည်ဟု ရဲဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထား ပါသည်။

ထို့ပြင် ဆေးပြားများကို ပိုင်ဆိုင်သူမှာမဆွေဆွေမာ ဆိုသူဖြစ်ကြောင်း ဖမ်းမိသူများက ထုတ်ဖော်ပြောသလို ရဲများဝင်ဖမ်းချိန်တွင် မဆွေဆွေမာနှင့် သူ့မောင်ကိုကျော်ဇင်ထိုက်ဆိုသူတို့မှာ အပြင်သွားနေကြောင်းလည်း စုံစမ်းသိရှိခဲ့ရသည်ဟု ရဲဌာနက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့၊ အောင်ပင်လယ် ရဲစခန်းက မူးယစ်ဆေးရှာတွေ့သည့် နေအိမ်တွင် ဖမ်းမိသူလေးဦးနှင့် မဆွေဆွေမာ၊ ကိုကျော်ဇင်ထိုက်တို့နှစ်ဦး စုစုပေါင်းခြောက်ဦးကို အမှုအမှတ်(ပ)၃/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး၊ ၎င်းတို့ကို မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများပုဒ်မ ၁၅/ ၁၆(ခ)/၁၉(က)/၂၀(က) /၂၁တို့ဖြင့် တရားစွဲဆိုမည်ဟုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါ ရှိသည်။

Most read this week