မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ပြတိုက်ကို အကြီးစားပြုပြင်မှုများ ပြုလုပ်နေပြီး လာမည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်၂၂ ရက်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဦးသန့် ၏ သမီးဖြစ်သူဒေါ်အေးအေးသန့်က ပြောသည်။
ဧပြီ ၆ ရက်ကစတင်ပြီး ပဏာမဖွင့်လှစ်ခဲ့သည့် ယင်းပြတိုက်ကို ပြင်ဆင်ချိန်အတွင်း ပိတ်ထားခြင်းရှိသော်လည်း အဖွဲ့အစည်းများ၊ ကျောင်းသားများအနေဖြင့် လာရောက် လေ့လာလိုပါက ဖွင့်လှစ်ပေးသည်ဟုလည်း သိရသည်။
ပြင်ဆင်ရန်အတွက် ငွေကြေးအကူအညီများကို ပြည်တွင်းအလှူရှင်များမှ လှုဒါန်းထားသည်ဟုလည်း ၎င်းက ဆိုုသည်။
ပြတိုက် ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး ဒေါ်အေးအေးသန့်က “အခုက အတွင်းထဲမှာရော အပြင်မှာပါ ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါတယ်။ ဖွင့်ဖို့က ၆၀ ရာခိုင်နှုန်းပဲ ပြီးသေးတယ်။ ဘဏ္ဍာငွေ ရှာဖွေရေးတွေနဲ့ အကူအညီတွေ ရတော့ရနေပါပြီ။ ကူညီကြတဲ့လူတွေက ပြည်တွင်းကသူတွေချည်းပါပဲ”ဟု ပြောသည်။
ပြတိုက်ကို အင်္ဂါ၊ ကြာသာပတေး၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက်ကိုးနာရီမှ ညနေလေးနာရီအထိ ဖွင့်လှစ်ထားပြီး ၀င်ကြေးအခမဲ့ဖြင့် လာရောက် ကြည့်ရှုနိုင်သည်။ ပြင်ဆင်ရာတွင် အတွင်းပိုင်း ပြင်ဆင်မှုများကို ထိုင်းနိုင်ငံမှ ပညာရှင်များအကူအညီဖြင့် ပြင်ဆင်နေပြီး ဇွန်လအတွင်းက စတင် ပြင်ဆင်နေခြင်း ဖြစ်သည်။
ယင်းပြတိုက် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပြတိုက်မှူး ဦးသိန်းရွှေက “ အခု ခဏရပ်ထားတာက ဘန်ကောက်က ဒီဇိုင်းရဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို ပြန်လည် တွက်ချက်ပြီး ပြန်ပို့ တာကို စောင့်နေတာပါ၊ အတွင်းပိုင်း ပြင်ဆင်မှုက ပိုပြီး အရေးကြီးပါတယ်။ အခုအချိန်တော့ မိုးတွင်ဖြစ်နေလို့ လာရောက်လေ့လာတာ နည်းနေပါတယ်”ဟု ဆိုသည်။
အတွင်းပိုင်း ပြင်ဆင်မှုအနေဖြင့် ဦးသန့်နှင့် သက်ဆိုင်သည့် ဓါတ်ပုံ ၅၀ ကျော်၊ နေမျိုးဆေး ရေးဆွဲထားသည့် ဦးသန့်ပုံတူ ပန်းချီကားချပ် တစ်ချပ်၊ ဦးတင်မြင့် ရေးဆွဲထားသည့် ပန်းချီကားချပ်နှစ်ချပ်ရှိပြီး၊ ဦးသန့် ပုံတူရုပ်တုကိုလည်း ထားရှိထားကြောင်း သိရှိရသည်။
အဆိုပါပြတိုက်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ကျရောက်သည့် ဦးသန့်၏ ၁၀၅ နှစ်မြောက်ပြည့်သည့်နေ့တွင် ဖွင့်လှစ်ရန်အတွက် ရည်ရွယ်ထားသည်ဟု သူ၏သမီးဖြစ်သူထံမှ သိရသည်။