ရခိုင်ပြည်နယ် နေရာတိုင်းတွင် လက်ကိုင် မိုဘိုင်းဖုန်းများ အသုံးပြုနိုင်ရန် လက်ရှိ ဆက်သွယ် ရေး တာဝါ တိုင် အရေအတွက်၏ နှစ်ဆကို တိုးမြှင့် တပ်ဆင်ပေးရန် လိုအပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရခိုင်ပြည်နယ်ရုံးမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
“လက်ရှိ တာဝါတိုင် ၄၇ တိုင်ရဲ့ နှစ်ဆကို တပ်ပေးလိုက်ရင် ပြည်နယ်တခုလုံး ဘယ်နေရာကမဆို မိုဘိုင်းဖုန်းတွေ အသုံးပြုနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က နောက်ထပ် ၄၇ တိုင် တပ်ဆင်ပေးဖို့ အထက်ကို တင်ပြထားတာ အခု တာဝါတိုင် ၁၀ တိုင် ထပ်မံချပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးမျိုးသန့် က ပြောသည်။
ထပ်မံချပေးလိုက်သော တာဝါတိုင်များကို မြို့နယ်အလိုက် မျှမျှတတ တပ်ဆင်ပေးလျက်ရှိပြီး ယင်းတို့အနက်
တောင်ကုတ်မြို့နယ်မှ မအီမြို့နယ်ခွဲ သည်လည်း ဦးစားပေး အဆင့်တွင် ပါဝင်သည်ဟု ဦးမျိုးသန့် က ဖြည့်စွက်ပြောဆိုသည်။
မအီမြို့နယ်ခွဲအတွက် ဆက်သွယ်ရေးတာဝါတိုင်ကို ဦးစားပေးချထားသည်ဟု ပြည်နယ် မန်နေဂျာက ဆိုသော်လည်း ယနေ့အချိန်ထိ တပ်ဆင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
“ချပေးထားတယ်လို့ အသံကြားနေရပေမယ့် ဒီကနေ့ထိ လာတပ်ပေးတာ မရှိသေးဘူးဗျ။ ကျနော်တို့ ဒေသအရ အများစု သုံးနိုင်တဲ့နေရာကို ရွေးချယ်ပြီး အမြန်တပ်ပေးနိုင်လေ ကောင်းလေပါပဲ” ဟု မအီမြို့နယ်ခွဲ၊ လမူးမော်ရွာမှ ကျောင်းဆရာတဦးက ဆိုသည်။
မအီမြို့နယ်ခွဲမှာ ကျောက်ဖြူ-ရန်ကုန် ကားလမ်းနှင့် အမ်း-တောင်ကုတ် ကားလမ်းများ၏ လမ်းဆုံတွင် တည်ရှိပြီးကျေးရွာအုပ်စု ၁၀ စုနှင့်ရွာပေါင်း ၆၇ ရွာတို့ဖြင့် ဖွဲ့တည်၍ စီးပွားရေးအရ အချက်အခြာကျသည့် ဒေသတခုလည်းဖြစ်သည်။
ကျောက်ဖြူမြို့နယ်တွင်မူ ကျေးရွာ အများစုတွင် မည်သည့် မိုဘိုင်းမျှ သုံးမရကြောင်း ဒေသခံများက ဆိုသည်။
“ကျောက်ဖြူမှာ ရွာပေါင်း ၂၆၅ ရွာ ရှိတယ်။ တာဝါတိုင် စုစုပေါင်း ၄ တိုင်ပဲ တွေ့ရတယ်။ လက်ကိုင်ဖုန်းတွေ တလုံးမှ သုံးမရတဲ့ ရွာပေါင်း ၂၀၀ ကျော် ရှိတယ်။ ဒေသ အနေအထားအရ ဆိုရင် ကျောက်ဖြူအတွက် နောက်ထပ် တာဝါတိုင် ၅ တိုင်လောက် တပ်ပေးဖို့ လိုမယ် ထင်တယ်။ အများပြည်သူတွေ ၁,၅၀၀ တန် CDMA 800MW ဆင်းကဒ်တွေ သုံးနေရချိန်မှာ ဒီဒေသက လူတွေ ဘယ်လက်ကိုင်ဖုန်းမျိုးကိုမှ သုံးမရ ဖြစ်နေလို့ မျှော်လင့်ချက် တနင့်တပိုးနဲ့ ဖုန်းဝယ်ထားသူတွေလည်း စိတ်ပျက်နေကြတယ်။ လက်ကိုင်ဖုန်း မရှိတော့ ဒေသ လုံခြံုရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စတွေမှာ အခက် ကြံုနေရတာပေါ့ဗျာ” ဟု ကျောက်ဖြူမြို့၊ မြစ်နားတန်းမှ ဦးထွန်းကြွယ် က မဇ္စျိမကို ပြောသည်။
ဧပြီလမှ စ၍ ရခိုင်ပြည်နယ်အတွင်း တန်ဖိုးနည်း ဆင်းကဒ်များကို စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်တော် မြို့နယ်များတွင် ကဒ်ရေ ၁၀,၄၈၀ ရောင်းချပေးခဲ့ပြီး ယခု ရက်ပိုင်း၌လည်း နောက်ထပ် ကဒ်၂,၀၀၀ ရောင်းချပေးသွားမည် ဖြစ်သလို မြို့နယ် အားလုံးသို့ တဖြည်းဖြည်း တိုးမြှင့်ရောင်းချပေးသွားမည်ဟု ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးမျိုးသန့် ထံမှ သိရှိရသည်။
ပြည်နယ်အတွင်း လက်ရှိ ကြိုးဖုန်း အလုံးပေါင်း ၅,၀၀၀ ကျော်နှင့် လက်ကိုင်ဖုန်း အလုံးပေါင်း ၉ သောင်းကျော် အသုံးပြုလျက် ရှိကြောင်း ပြည်နယ်ဆက်သွယ်ရေးဌာန သိရသည်။