လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ် ရောက်ရှိ

လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ် ရောက်ရှိ
by -
မဇ္ဈိမ

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဇူလိုင် ၃၀ ရက်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ညနေ ငါးနာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။

စစ်တွေမြို့၏ မိုင်၂၄၀ အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေသော်လည်း မြန်မာနိုင်ငံသို့ ၀င်နိုင်ချေ မရှိ . . .

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဇူလိုင် ၃၀ ရက်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ညနေ ငါးနာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမုန်တိုင်းငယ်သည် အိန်္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၂၄၀ ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်၂၄၀ ခန့်အကွာတွင် ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ယင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ဖွယ်မရှိဘဲ အိန်္ဒိယနိုင်ငံသို့ ၀င်ရောက်နိုင်ချေရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က မဇ္ဈိမကို ပြောသည်။

၎င်းက “မြန်မာနိုင်ငံကို ၀င်လာစရာ မရှိဘူး။ အိန်္ဒိယကိုပဲ ၀င်မှာ။ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုး ကြီးမယ်၊ မိုးသည်းထန်စွာ ရွာသွန်းလိမ့်မယ်။ မုန်တိုင်းငယ်ထက် ပိုပြီး အားကောင်းလာစရာ အကြောင်းမ ရှိဘူး”ဟု သုံးသပ်ပြောကြားလိုက်သည်။

အဆိုပါမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းကြောင်း မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်း အနောက်ခြမ်း၊ ချင်းပြည်တောင်ပိုင်း၊ ဧရာဝတီ တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတောင်ပိုင်း ကရင်ပြည်နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်းမြောက်ပိုင်းတို့တွင် စိုးရိမ်ရသော ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်ပြီး ကျန်မိုးရာသီကာ လများအထိ စိုးရိမ်စရာ အခြေအနေရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း မဇ္ဈိမသို့ ပြောထားသည်။

ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်နေရ

ရေကြီးမှုများ ဖြစ်ပေါ်နေသောကြောင့် ရေးမြို့နှင့် အခြားဒေသများတွင် ရေဘေး ဒုက္ခသည်များကို ကူညီ ထောက်ပံ့မှုများ ပြုလုပ်နေရသည်ဟုလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချူပ် ဦးစိုးအောင်က ပြောသည်။

၎င်းက “ရေးမြို့မှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တိုင်းဒေသကြီး ကယ်ဆယ်ရေးအဖွဲ့တွေ ပေါင်းပြီး ကယ်ဆယ်ရေးစခန်းတွေ၊ အစားသောက် ဝေတာတွေ လုပ်ပေးနေပါပြီ။ ဒီလိုပဲ ရေကြီးရေလျှံဖြစ်တဲ့ မြို့နယ်အလိုက်မှာလည်း ကူညီဆောင်ရွက်မှုတွေကို တစ်ချိန်တည်း လုပ်နေကြပါတယ်”ဟု ရှင်းပြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ ပထမ ၁၀ ရက်ပတ် ခန့်မှန်းချက်များအရ ဘင်္ဂလား
ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကာ တိုင်းနှင့်ပြည်နယ် ရှစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့တွင် လက်ရှိအမြင့်ပေထက်မြင့်တက်လာနိုင်သည်ဟု ဖော်ပြထားသည်။

Most read this week