အစိုးရနှင့် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိလာသော ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) ကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်နယ် နမ့်ခမ်း၊ မူဆယ်မြို့နယ်တို့မှ လမ်းတလျှောက်ရှိ ပလောင် ပြည်သူလူထုထောင်ချီ၍ ကြိုဆို နှုတ်ဆက်ခဲ့သည်ဟု PSLF နှင့် မြို့မိမြိုဖတို့က ပြောသည်။
ရှမ်းပြည်နယ် နယ်စပ်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးစီးသော လုံခြံုရေးတပ်ဖွဲ့၏ တာဝန်ယူမှုဖြင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် PSLF ဌာနချုပ် မိုင်းဝီးမှ ထွက်ခွာခဲ့ရာ ညနေ ၄ နာရီခန့်တွင် မူဆယ်မြို့သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
“ကျနော်တို့ မိုင်းဝီး၊ နမ်းခမ်းကနေ ထွက်လာတာ ကြိုဆိုတဲ့ လူတော်တော်များတော့ နည်းနည်း နောက်ကျသွားတယ်။ လမ်းတလျှောက် လူထုက ထောင်ဂဏန်း ကြိုဆိုကြတယ်။ ပြီးတော့ လမ်းတလျှောက်က ပလောင်ရွာတွေက လူတွေလည်း ကြိုဆိုကြတယ်။ နမ့်ခမ်းမှာလည်း ၅ ထောင်လောက်ရှိမယ် ကြိုဆိုတယ်။ မူဆယ်မှာက ၂ ထောင် ဝန်းကျင်လောက် ရှိတယ် ကြိုဆိုကြပါတယ်” ဟု PSLF အတွင်းရေးမှူး မိုင်ဘုန်းကျော် က ပြောသည်။
PSLF မှ မိုင်းဘုန်းကျော် ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦး အပါအဝင် ရုံးအဖွဲ့ဝင်များ၂၁ ဦးကို သွားရောက်နေသည်ဟု ဆိုသည်။
၎င်းတို့အား မိုင်းဝီး၊ နမ့်ခမ်းမြို့ခံ ၅,၀၀၀ ခန့်နှင့် မူဆယ်မြို့ခံ ၂,၀၀၀ ခန့်က လမ်းတလျှောက်မှ ပလောင်ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သည်ဟု မူဆယ်မြို့ခံ ရပ်မိရပ်ဖ၊ ပလောင်ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ပါတီစည်းရုံးရေး တာဝန်ခံ တဦးဖြစ်သူ ဦးမြင့်စိန်က ပြောသည်။
“မျှော်လင့်ထားတာကတော့ များများပေ့ါ။ ခုမှ ပထမဆုံးအကြိမ်ဆိုတော့ ခန့်မှန်းရခက်ပါတယ်။ သူတို့ လှုပ်ရှား
နယ်မြေတွေမှာ လှုပ်ရှားနိုင်ဖို့၊ အမျိုးဘာသာ၊ သာသနာကို လက်နက် စွဲကိုင်ပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်ဖို့ ဒါလေးတွေ လိုချင်တာပါ” ဟု မဇ္စျိမကို ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ရွှေလီရတနာ ခန်းမ (ခေါ်) ခရိုင်အုပ်ချုပ်ရေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ပြီး မည်သည့်အချိန် တွေ့ဆုံမည်ကိုမူ ဝန်ကြီး ဦးအောင်မင်း ရောက်လာမှ သတ်မှတ်မည် ဖြစ်ကြောင်း သူက ဆိုသည်။
အစိုးရ ကိုယ်စားလှယ်ဘက်မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ အပါအဝင် တချို့ ကိုယ်စားလှယ်များ မူဆယ်မြို့သို့ ရောက်ရှိ နေပြီဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းမှာ ရောက်ရှိလာခြင်း မရှိသေးပေ။
ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွင် လက်ရှိ ဖြစ်ပေါ်နေသည့် တိုက်ပွဲ အရှိန်လျှော့ရေးနှင့် နိုင်ငံရေး ပြဿနာများကို အဓိက ဆွေးနွေးသွားမည်ဟု မိုင်းဘုန်းကျော် က ဆိုသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် စီစဉ်နေစဉ် ယခုလ ၂၅ ရက်နေ့ထိ ကွတ်ခိုင်မြိ့နယ်အတွင်း အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ယနေ့ထိ တိုက်ပွဲ ထပိမံဖြစ်ပွားခြင်း မရှိသေးကြောင်း သူက ပြောသည်။
PSLF ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်အောက်ခံတပ် TNLA ၂၀၀၅ တွင် ဖွဲ့စည်းကာ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်မြို့နယ်များအတွင်း အခြေချ လှုပ်ရှားလျက်ရှိသည်။