HIV ကူးစက်ခံထားရသူ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်မည်

HIV ကူးစက်ခံထားရသူ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်မည်
by -
မဇ္ဈိမ

အနယ်နယ်အရပ်ရပ်ရှိ HIV  ပိုးကူးစက်ခံထားရသူ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် စက်ချုပ်သင်တန်းကို သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်ဟု HIV, AIDS ပြုစု စောက်ရှောက်ရေးဂေဟာ ဖွင့်လှစ်ထားသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဇ္ဈိမ ကိုပြောသည်။

လက်ရှိ ဒေါ်ဖြူဖြူသင်း ဖွင့်လှစ်ထားသည့် တောင်ဒဂုံရှိ ဂေဟာတွင် သင်တန်းများ ဖွင့်လှစ်ထားသော်လည်း ယခု ပြုလုပ်မည့် သင်တန်းသည် တစ်နိုင်ငံလုံးမှ HIV ပိုးကူးစက်ခံထားရသူများ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။

“ HIV ကူးစက်ခံထားရသူတွေ နောင်တစ်ချိန်မှာ လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် ရည်ရွယ်ထားပါတယ်၊ ရောဂါလဲ ကူးစက်ခံရ အတန်းပညာလဲမရှိရင် စားဝတ်နေရေးအတွက် ရပ်တည် ဖို့အခက်အခဲရှိနိုင်တယ်” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

သင်တန်းများကို အသုတ်လိုက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်သုတ်လျှင် ၂၀ ဦးသာ တက်ရောက်ခွင့်ရှိ မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေနှင့် လျှောက်လွှာတင်ရမည်ဖြစ်ကာ အမှန်တကယ် တက်ရောက် နိုင်သူများကိုသာရွေးချယ်မည် ဖြစ်သည်။

သင်တန်းကာလအတွင်း နေ၊ စားစရိတ်ငြိမ်း စီစဉ်ထားပြီး အခြေခံစက်ချုပ်ပညာ နှင့်အတူ ကိန်းဂဏန်း တွက်ချက်တတ်သူများကို အဆင့်မြင့် စက်ချုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဒေါ်ဖြူ ဖြူသင်းက ပြောပြသည်။

တက်ရောက်လိုသူများ အလွယ်တကူ လျှောက်လွှာရရှိနိုင်ရန် ပြည်တွင်းရှိ NGO များနှင့် အခြားလူမှုရေး အဖွဲ့အစည်းများကို လျှောက်လွှာများ ဖြန့်ဝေထားပြီး ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်သည်။

HIV ကူးစက်ခံထားရသူ အမျိုးသမီးများ ကွန်ယက်မှ ဘဏ္ဍာရေးမှု ဒေါ်ချောစုက “စက်ချုပ်သင်တန်းက နေစရိတ်၊ စားစရိတ် ငြိမ်းစီစဉ်ပေးမယ်ဆိုတော့ ကျွန်မတို့ ကွန်ရက်က တက်ချင်တဲ့သူတွေများတယ်၊ သင်တန်းလျှောက်လွှာတွေ ယူပြီးလျှောက်ဖို့ စီစဉ်နေပါတယ်” ဟု အဆိုပါသင်တန်းနှင့် ပတ်သက်၍ ပြောသည်။

HIV ကူးစက်ခံထားရသူ အမျိုးသမီးများအနေနှင့် စက်ချုပ်ပညာဖြင့် တစ်နိုင်တစ်ပိုင် အိမ်တွင်း အသက်မွေးနိုင်ရန်နှင့် ပြင်ပအလုပ်နေရာများတွင် အလုပ်ရရှိနိုင်အောင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဟုဒေါ်ဖြူဖြူသင်းက ပြောဆိုထားသည်။

Most read this week