ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲ ပြုလုပ်ပြီးနောက် ပိုက်လိုင်းစီမံကိန်းမှ ရရှိမည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ရရှိသည့် ၀င်ငွေဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အပါအဝင် အချက် ၁၀ ချက်ကို မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ MCPWC က ဇူလိုင်လ၂၈ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
မန္တလေးမြို့ ၂၆ လမ်း၊ ရ၇ လမ်းနှင့် ရ၈ လမ်းကြားတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ MCPWC က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ MCPWC ၏ မကွေး၊ ရခိုင်၊ မန္တလေး၊ ရှမ်းပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ရှင်းလင်းသည့် သတင်းစာရှင်းလင်းမှုတွင် တင်ပြတောင်းဆိုကြခြင်း ဖြစ်သည်။
“ပိုက်လိုင်းတစ်လျှောက် သဘာဝအတိုင်း ပေါက်ရောက်နေသော နှစ်ရှည်ပင်ကြီးများ ခုတ်လှဲမှု၊ မလိုလားအပ်သော အပင်များ ခုတ်ထွင်ရှင်းလင်းမှုများကြောင့် သစ်တောများ ပြုန်းတီးလာပြီး ရာသီဥတုမှာလည်း ဖောက်ပြန်ပြောင်းလဲမှုကို ခံစားရပါတယ်။ သဘာဝကပေးတဲ့ ရေထွက်ပေါက်တွေကို ဖြတ်ပြီး ပိုက်လိုင်းဖေါက်ထားတဲ့အတွက် ပတ်ဝန်းကျင်ရွာများမှာ ရေအခက်ခဲများနဲ့ ကြံုတွေ့နေရပါတယ်”ဟု MCPWC ၏ မကွေးကိုယ်စားလှယ် ဦးသန့်ဇင်က သတင်းစာရှင်းလင်းမှုတွင် ပြောသွားသည်။
MCPWC ၏ ထုတ်ပြန်မှုတွင် ပိုက်လိုင်းတစ်လျှောက်မှ မြေနှင့် သီးနှံလျော်ကြေး ပြဿနာများ ဖြေရှင်းရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများအတွက် ပြန်လည် အစားထိုး ပြုပြင်မှုအစီအစဉ် (Recovery Plan) များ ပြဋ္ဌာန်း ထုတ်ပြန်ပေးရန်၊ ဓါတ်ငွေ့ မပို့လွှတ်မီ ပိုက်လိုင်း၏ အရည်အသွေး လုံခြံုကြံ့ခိုင်မှုကို သက်ဆိုင်ရာ ပညာရှင်များ စစ်ဆေးရန်တို့ကိုလည်း တောင်းဆိုထားသည်။
ဓာတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့တွင် ဇူလိုင်လ ၂၈ရက်က တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရန်ကုန်၊ မန္တလေး အမြန်လမ်းမဘေးတွင် တည်ရှိသော SOUTH - EAST CRUDEOILPIPELINE COMPANY LIMITED & SOUTH -EAST ASIA GAS PIPELINE COMPANY LIMI TED ရုံးစိုက်ရာတွင် ပြုလုပ်သည့် ပိုက်လိုင်းဖွင့်ပွဲကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့သည်။
အဆိုပါပိုက်လိုင်းမှ တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာ ၅ ဒသမ ၂ ဘီလီယံ ပို့လွှတ်နိုင်မည်ဖြစ်သည်။ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံတို့က ယင်းတို့၏ အကျိုးစီးပွားကို အထောက်အကူမပေးဟုဆိုကာ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။