အာမခံဆန်စျေး မသတ်မှတ်ရေးနှင့် လယ်ယာမြေပိုင်ဆိုင်မှု ကာကွယ်ပေးရန်လိုနေသည့် တောင်သူလယ်သမားဥပဒေကြမ်း

အာမခံဆန်စျေး မသတ်မှတ်ရေးနှင့် လယ်ယာမြေပိုင်ဆိုင်မှု ကာကွယ်ပေးရန်လိုနေသည့် တောင်သူလယ်သမားဥပဒေကြမ်း
by -
မဇ္ဈိမ

 တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမူကြမ်းအား သုံးသပ်အကြံပြု ဆွေးနွေးကြရာတွင် တောင်သူလယ်သမားများအတွက် အာမခံဆန်စျေး မသတ်မှတ်သင့်ကြောင်းနှင့် လယ်ယာမြေပိုင်ဆိုင်မှု အာမခံပေးရန် လိုအပ်ကြောင်းတို့ အပါအဝင် လိုအပ်ချက်များကို ဖြည့်စွက်ပေးပြီး လွှတ်တော်သို့ တင်ပြမည်ဟု ဆွေးနွေးခဲ့သူများက ဆိုသည်။

ဆန်စျေးကျလျှင် လယ်သမားများထံမှ ကမ္ဘာ့ဆန်စျေးထက်မကျသောစျေးဖြင့် ၀ယ်ယူပေးမည်ဟု အာမခံခြင်းမျိုး သက်ရောက်သဖြင့် လူနေမှုစရိတ်တွင် အဓိကပါ၀င်သော ဆန်စျေးတက်သွားနိုင်ကြောင်း နိုင်ငံတကာ စီးပွားရေးပညာရှင်ပါမောက္ခ ဒေါက်တာလှမြင့်က အကြံုပြုထားသည်။

ထိုင်းနိုင်ငံသည် ယမန်နှစ်က ယင်းစနစ်ကို ကျင့်သုံးလိုက်ရာ နိုင်ငံတကာစျေးထက် ပိုများသည့် နိုင်ငံတော်သို့သာရောင်းချတော့သဖြင့် အစိုးရက ဆန်တန်ချိန် ၁၈ သန်းခန့် ပိုက်မိနေပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်လည်း အရှုံးပြနေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ် အဖွဲ့အစည်းက သုတေသီ ဒေါက်တာဇော်ဦးကလည်းယင်းသို့ လိုက်လုပ်မိလျှင် ထိုအတိုင်းပင် ကြံုတွေ့ရနိုင်ကြောင်းပြောသည်။ နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က လယ်သမားများသည် အာမခံ ဆန်စျေးနှုန်း အစီအစဉ်လိုလားပြီး စီစဉ် ဆောင်ရွက်လျက်ရှိသော နိုင်ငံရေးပါတီကို မဲပေးလေ့ရှိရာ နိုင်ငံရေးအရ ဆွဲဆောင်မှုရှိသော်လည်း အလွန်မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်စေနိုင်ကြောင်း အကြံုပြု သုံးသပ် ထားသည်။

မြေယာပိုင်ဆိုင်မှုနှင့် ပက်သက်၍ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) လယ်ယာ စီးပွားနှင့်တောင်သူလယ်သမားရေးရာ ကော်မတီ၏ တာဝန်ခံဦးမျိုးသန့်က “လက်ရှိအချိန်မှာလယ်သမားများ ဟာ မြေယာ လက်လွတ်ဆုံးရှုံးမှုကို အလူးအလဲခံနေရတယ်၊ မိမိတို့လယ်ထဲဆင်းတာကို ပုဒ်မ အမျိုးမျိုးနဲ့ ထောင်ထဲရောက်နေရတဲ့ အဖြစ်ဆိုးတွေ ကြံုနေရတယ်” ဟု ပြောသည်။

အဆိုပါ ဥပဒေကြမ်းတွင် လယ်ယာမြေ ပိုင်ဆိုင်မှုများ၊ မတရားသိမ်းဆည်းခံရခြင်းများကို ကာကွယ်ပေးနိုင်မည့် အချက်များမပါ၀င်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွားရေးနှင့် ဆက်စပ်လျက်ရှိသည့် ချေးငွေများ၊စျေးနှုန်းများ၊ စျေးကွက်များသာ ရည်ရွယ်လျက်ရှိကြောင်း၊ လက်ရှိကာလတွင်လယ်သမားတို့၏ အကျိုးစီးပွား၊ ဘဝလုံခြံုမှု ကင်းမဲ့နေချိန်ဖြစ်ပြီး လယ်သမားအကာအကွယ်ပေးရေး အစီအစဉ်များ လိုအပ်ကြောင်း ဆိုသည်။

မြန်မာဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ် အဖွဲ့အစည်းက သုတေသီ ဒေါက်တာဇော်ဦးက “ဗီယက်နမ် လယ်သမားတွေရဲ့ပြဿနာကို ဥပဒေအချက် ၁၀၀ ထုတ်ပြီးနောက်မှာ ကိုယ့်လယ်မြေကို သေသေချာချာ ပိုင်နိုင်ပြီး ဥစ္စာရင်လို ဥစ္စာရင်ခဲဆောင်ရွက်သွားနိုင်တာကြောင့် တဟုန်ထိုးတိုးတက်သွားခဲ့ရတယ်”ဟု ဆိုသည်။

စစ်မှန်သော တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ လွတ်လပ်စွာ တောင်သူအရေး ဆောင်ရွက်သူများ၊ ဥပဒေပညာရှင်များ၊ လယ်ယာလုပ်ငန်းဆိုင်ရာ ပညာရှင်များ အား ပါ၀င်ခွင့်မပြုဘဲ စီးပွားရေးလုပ်ငန်းရှင်ကြီး များနှင့် အစိုးရဌာနဆိုင်ရာ အရာရှိကြီးများကိုသာ ဗဟိုပြုရေးဆွဲထားရာ တောင်သူလယ်သမား များ၏ အမှန်တကယ် လိုအပ်ချက်များ၊ နစ်နာဆုံးရှုံးမှု အခြေအနေမှန်များကို ထည့်သွင်းစဉ်းစားထားခြင်း မရှိကြောင်း တောင်သူလယ်သမားအရေးဆောင်ရွက်လျက်ရှိသော ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းက သုံးသပ်ထားသလို ကုမ္ပဏီများ၊ အစုစပ်လုပ်ငန်းရှင်များကို ကျေးလက်နေတောင်သူလယ်သမား များ နှင့် တစ်တန်းတည်း သတ်မှတ်ခြင်းကြောင့် လုပ်ငန်းရှင်ကြီးများကို အကျိုးပြုနိုင်ရန် ဆောင်ရွက်သော ဥပဒေကြမ်းဟု ဝေဖန်ခံရလျက်ရှိသည်

Most read this week