လုံခြံုရေး အခြေအနေကြောင့် ပိတ်ထားခဲ့သည့် တမူးမြို့နယ် နန်းဖာလုံစျေးကို လုံခြံုရေးတိုးမြှင့်ပြီး ပြန်လည် ဖွင့်လှစ်ထားသော်လည်း အရောင်းအဝယ်ပါးနေသည်ဟု နန်းဖာလုံ စျေးသူစျေးသားများက ပြောသည်။
ကသည်းသူပုန်များ ဆက်ကြေးကောက်ခံမှုကြောင့် လုံခြံုရေးအရ ပိတ်ထားခဲ့ရသော ခရိုင်အုပ်အုပ်ချူပ်ရေးတာဝန်ရှိ သူများက စျေးလုံခြံုရေး တိုးမြှင့်ချထားပြီး ယင်းစျေးကို ဇူလိုင် ၁၁ ရက်က ပြန်ဖွင့်ပေးထားခြင်း ဖြစ်သည်။
နန်းဖာလုံစျေးအတွင်းတွင် စက်ပစ္စည်းနှင့် ကုန်မျိုးစုံရောင်းချသော ဦးအောင်ဇော်လင်းက “ကသည်းလက်နက်ကိုင်တွေ ဆပ်ကြေးကောက်လို့ လုံခြံုရေး တိုးမြှင့်ချထားပေးတယ်။ ဒါပေမယ့် အဲဒီလို ဆက်ကြေးကောက်တဲ့ အရှိန်တွေကြောင့် တစ်ဘက်နိုင်ငံက ကုန်သည်တွေ မလာရဲကြတော့ဘူး။ ဒါကြောင့် ကုန်သည်တွေမှာ အရောင်းအဝယ် ကုန်သွယ်မှု နည်းသွားတယ်”ဟု ပြောသည်။
နန်းဖာလုံစျေးတွင် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး လုံခြံုရေးအတွက် စစ်တပ်နှင့် ရဲဝန်ထမ်းများက တာဝန်ယူပေးခြင်း ဖြစ်သည်ဟု စျေးသာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးက မဇ္စျိမကို ရှင်းပြသည်။
၎င်းက “အိန်္ဒိယဘက်က ကုန်သည်တွေက မိုးရာသီဖြစ်တဲ့အတွက် ကားလမ်းတွေ ပိတ်ကြတယ်။ နောက်ပြီး လယ်စိုက်ရာသီဖြစ်တဲ့အတွက် ကုန်သည်တွေ မလာကြဘူး။ ဒါကြောင့် ဒီဘက်က ကုန်သည်တွေမှာ အရောင်းအဝယ် နည်းသွားကြတာပါ။ စျေးကိုတော့ အရင်လို ပြန်ပြီး ဖွင့်ထားပေးနေပါပြီ” ဟုလည်း ပြောသည်။
စျေးပြန်လည်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ယခင်ရောင်းရသည့် အခြေအနေ၏ ငါးပုံတစ်ပုံခန့်သာ ရောင်းရကြောင်း နန်းဖာလုံ စျေးသူစျေးသားများက ဆိုကြသည်။
ဦးအောင်ဇော်လင်းက “ရောင်းအား အရမ်းကျသွားတာပေါ့။ ခုလို လမ်းတွေ မကောင်းတဲ့အချိန်ဆိုရင် အိန်္ဒိယ ကုန်သည်တွေ မလာရဲကြဘူး။ ကသည်းတွေက ဆက်ကြေးကောက်တာတွေရှိတယ်။ မပေးရင် ဖမ်းခေါ်တာတွေလည်းရှိတယ်။ ဒီလိုဖြစ်နေတာတွေကို သက်ဆိုင်ရာ အုပ်ချူပ်ရေးပိုင်းက လူတွေက စျေးသူစျေးသား ကုန်သည်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးကြတာ အားနည်းတယ်” ဟုလည်း ဆိုသည်။
တမူးမြို့နယ် နန်းဖာလုံစျေးကို ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ ကသည်းလက်နက်ကိုင်များက ဆက်ကြေး ကောက်ခံမှုများကြောင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လုံခြံုမှုမရှိခြင်းအတွက် စျေးသူစျေးသားများက ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။