မြို့ကြီးသုံးမြို့ ဗုံးလေးလုံးဆက်တိုက်ပေါက်ကွဲမှုအတွက် လူငါးဦးကို ထောင်ဒဏ် ၁၂ နှစ်ခွဲစီ ချမှတ်

မြို့ကြီးသုံးမြို့ ဗုံးလေးလုံးဆက်တိုက်ပေါက်ကွဲမှုအတွက် လူငါးဦးကို ထောင်ဒဏ် ၁၂ နှစ်ခွဲစီ ချမှတ်
by -
မဇ္ဈိမ

၂၀၁၁ ခုနှစ်၊ ဇွန်လအတွင်း နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင် မြို့ကြီးသုံးမြို့တွင် ဗုံးပေါက်ကွဲမှုများအတွက် လူငါးဦးကို ထောင်ဒဏ် ၁၀ နှစ်မှသည် ၁၂ နှစ်အထိ မန္တလေးခရိုင် တရားရုံးတွဲဖက်ခရိုင် တရားသူကြီး ဦးစိုးစိုးက ဇူလိုင်လ ၂၄ ရက်တွင် ပြစ်ဒဏ်ချမှတ်လိုက်သည်။

တစ်နှစ်ခွဲကျော် စစ်ဆေးခဲ့သည့်အမှုတွင် သက်သေ ၅၀ ကျော်ကိုစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားခြင်းကြောင့် တရားရုံးက အမိန့်ချမှတ်အပြစ်ပေးခြင်းဟု တရားသူကြီး၏ အမိန့်စာတွင် ဖေါ်ပြထားသည်။

တရားရုံးအမိန့်တွင် တရားခံစိုင်းကျော် သန်းသည် ၁၉၀၈ ခုနှစ်ပေါက်ကွဲစေတတ်သော အရာဝတ္ထုဥပဒေ ပုဒ်မ၊ မတရားသင်းများနှင့် ဆက်သွယ်မှု ၁၇ (၁) နှင့် လူဝင်မှုကြီးကြပ်ရေးပြဋ္ဌာန်းချက် အရေးပေါ်အက်ဥ ပဒေ ၁၃ (၁) တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ်စုစုပေါင်း ၁၂ နှစ်ခွဲချမှတ်လိုက်သည်။

ထို့ပြင် စိုင်းမိုးဟိန်း (ခ) အိုက်လျံ၊ စိုင်းလှအောင် (ခ) အားဝေ၊ စိုင်းသိန်းနိုင်သုံးဦးကို ၁၉၀၈ ခုနှစ်၊ ပေါက်ကွဲစေတတ်သောအရာ ၀တ္ထုအက်ဥပဒေပုဒ်မ ၃/၆ အရလည်းကောင်း၊ ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၇ (၁) အရလည်းကောင်း၊ ပြစ်မှုထင်းရှားကြောင်း ဆုံးဖြတ်ခြင်းခံရကာ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

မျိုးခင် (ခ) အောင်ခမ်းကိုမူ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္ထု အက်ဥပဒေ ပုဒ်မ ၃/၆ အရ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခြင်းခံရကာ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရသူ စိုင်းလှအောင်၏ ဇနီးဖြစ်သည့် ဒေါ်မြင့်မြင့်ဆွေက မတရားခံရသည်ဟု ဆိုကာ အယူခံဝင်သွား မည်ဟုဆိုသည်။ “အမှုက မတရားခံရတာပါ၊ အယူခံဝင်သွားမှာပါ။ ကိုစိုင်းလှ အောင်ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်ကတည်းက စစ်ဆေးမယ်ဆိုပြီး ဖမ်းခေါ်သွားခဲ့တာ” ဟု မဇ္စျိမကို ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်က ၈၄ လမ်း၊ ၂၇x၂၈ လမ်းကြား ရပ်ထားသည့် လိုင်စင်မဲ့ကား ၃ခ/၁၉၀၄ တွင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကားတစ်စီးလုံးပျက်စီးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့်ပြင်ဦးလွင်တွင်လည်း လူသူမရှိသော နှစ်ထပ်တိုက်အိမ်များတွင် ဗုံးပေါက်ကွဲခဲ့သည်။

နေပြည်တော် သပြေကုန်းရပ်ကွက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် ၄၆ တွင် ပေါက်ကွဲခဲ့ပြီး ပြင်ဦးလွင်တွင်မူ ထောက်ပို့ဘက်လမ်းခွဲ ရပ်ကွက် ၄ ထဲရှိ နေအိမ်ဗုံးကွဲမှုကြောင့် အပေါ်ထပ်တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့သည်။

ထိုပေါက်ကွဲမှု သုံးခုဖြစ်ပေါ်ခဲ့ပြီးနောက် သုံးနာရီအကြာတွင် လေးလုံးမြောက်ဗုံးအဖြစ် စိန်စံပယ်ဖူးရွှေဆိုင် နှင့် ပရိယတ္တိသာသနအသင်း၊ အမှိုက်ပုံအနီးပေါက်ကွဲမှု ထပ်မံဖြစ်ပေါ်ခဲ့သည်။ပေါက်ကွဲမှုအားလုံးကြောင့် နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကာ၊ လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် သံသယရှိသူ သုံးဦးအဖြစ် စိုင်းဆမ်၊ စိုင်းအိုက်နှင့် စိုင်းကျော် မြင့်ဦးတို့ကို စွပ်စွဲပြီး နိုင်ငံပိုင်သတင်းစာများတွင် ပုံပန်းသဏ္ဍာန်နှင့်တကွ ၂၀၁၁ခု နှစ် ဇွန်လ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

Most read this week