တပ်မတော်အပေါ် ဝေဖန်မှုကိုလွှတ်တော်တွင် တားမြစ်ရန် မသင့်ဟုဆို

တပ်မတော်အပေါ် ဝေဖန်မှုကိုလွှတ်တော်တွင် တားမြစ်ရန် မသင့်ဟုဆို
by -
မဇ္ဈိမ

လွှတ်တော် အစည်းအဝေးပြုလုပ်စဉ် တပ်မတော်ကို ဝေဖန်ပုတ်ခတ်သည့် စကားလုံး အသုံးအနှုန်းများ မပြောရန် လွှတ်တော်အမတ်များကို တားမြစ်သွားမည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ပြောဆိုချက်အပေါ် လက်မခံကြောင်း မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဖေသန်းက ဇူလိုင် ၁၈ရက်က မဇ္ဈိမကို ပြောသည်။

“လယ်သမားတွေရဲ့ ကိုယ်စား၊ ပြည်သူရဲ့ကိုယ်စား ခံစားချက်နဲ့ ပြောနေတဲ့အချိန်မှာ ခံစားချက်လောက်တော့ ပါမှာပေါ့။ ဒီစကားလုံးလောက်ကိုတော့ တားသင့်တယ်လို့ မထင်ဘူး။ ဒါတွေဟာ ပြောနိုင်တယ် ပြောသင့်တယ်လို့ပဲ ထင်ပါတယ်”ဟု ဦးဖေသန်းက ဆိုသည်။

စစ်တပ်က မြေသိမ်းမှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည့် အမတ်များ၏ ပြောဆိုမှုများတွင် စစ်တပ်ကို ပြင်းထန်စွာ ဝေဖန်မှုများ ရှိသဖြင့် နောက်နောက်တွင် ထိုကဲ့သို့ ပြောဆိုဝေဖန်ခြင်းမလုပ်ရန် တားမြစ်သွားမည်ဟု ဇူလိုင် ၁၇ ရက်က လွှတ်တော်အစည်းအဝေးအပြီး ဦးရွှေမန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်အချို့ ဆွေးနွေးစဉ် သုံးနှုန်းခဲ့သည့် စစ်အစိုးရ၊ စစ်အာဏာရှင် စသည့် အသုံးအနှုန်းများသည် တစ်ဖက်နှင့်တစ်ဖက် ထိခိုက်နစ်နာမှုများ ရှိလာစေသောကြောင့် တားမြစ်သွားမည်ဟု သူက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သိမ်းထားတယ်ဆို သိမ်းထားတယ်ပေါ့ဗျာ။ အဲ့ဒါကို ကျွန်တော်တို့က သူတို့ မတရားသိမ်းထားတဲ့ဟာကို ဘုန်းတော်ဘွဲ့ကို ရွတ်ဖတ်သလို ကျွန်တော်တို့ မဖတ်နိုင်ဘူးဗျာ။ မတရားလုပ်တယ်ဆိုရင်မတရားလုပ်တယ် ပေါ့။ပြောသင့်ရင်တော့ ပြောရမှာပဲ”ဟု ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်အမတ် ဦးဖေသန်းက ပြောသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်ခင်စောဝေကလည်း “နှစ်ပေါင်း ၆၀ ကျော်လောက် ရင်ထဲမှာ ခံစားရတာများလာတော့ ပြောတဲ့သူတွေကိုလည်း အပြစ်မဆိုသာပါဘူး။ ခံစားချက်တွေက သိပ်များလာတဲ့ အခါကျတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရပါဘူး။ သူတို့ခံရတဲ့ သူဘက်ကတော့လည်း နာမှာပေါ့။ အန်တီတို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တားလောက်ရအောင် ဘလိုင်းပြောတာ နည်းပါတယ်”ဟု မဇ္စျိမကို ပြောသည်။

ပုသိမ်မဲဆန္ဒနယ်မှ NLD လွှတ်တော်အမတ် ဦးဝင်းမြင့်ကမူ ဆွေးနွေးတာကတော့ “ပြည်သူ့လွှတ်တော် နည်းဥပဒေနဲ့ပဲ ဆွေးနွေးရတာကတော့ သက်မှတ်ချက် ရှိတယ်လေ။ ပြေပုံပြောနည်း presentation လည်း လိုတာကိုး။ သူများနိုင်ငံတွေကတော့ ရှိပါတယ်။ ဒါက သူတို့က ဒီမိုကရေစီရသွားပြီကိုး တစ်ခြား နိုင်ငံမှာ ဖြစ်နေတာနဲ့တော့ သွားပြောလို့ မရဘူး။ ဒီမှာက ကန့်သတ်ထားတဲ့ ဥပဒေက နဂိုတည်းက ရှိ တယ်”ဟု မှတ်ချက်ပြုသည်။

စစ်တပ်သိမ်းထားသော လယ်များကို သက်ဆိုင်ရာအစိုးရက မူလပိုင်ရှင်များထံသို့ အမြန်ပြန်ပေးရန်အဆိုကို
ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင် ၁၅ ရက်မှ စတင်ဆွေးနွေးခဲ့ရာ အမတ် ၄၅ ဦး၏ ဆွေးနွေးချက်များတွင် စစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပါ၀င်ခဲ့သည်။

စစ်တပ်၏ မြေသိမ်းမှုများကို အမတ်များက လွှတ်တော်တွင် ပြင်းထန်စွာ ဝေဖန်ခဲ့မှုကို ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်က “တပ်မတော်က မြေသိမ်းတဲ့ကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင် ဝေသာလီပြည်မှာ ဘီလူးစီးတယ်လို့ ခိုင်းနှိုင်းပြီးတော့ တပ်မတော်အပေါ်မှာ ခိုင်းနှိုင်းသွားတာတွေကလည်း တစ်ကယ့်တစ်ကယ် တွေးကြည့်ရင်တော့ ၀မ်းနည်းစရာ ကောင်းပါတယ်”ဟု ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးက ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၆၃ (ဃ)တွင် လွှတ်တော်တွင် အမတ်များ ဆွေးနွေးရာ၌ ပုတ်ခတ်ဝေဖန်မှု မလုပ်ရန် တားဆီးထားသည်ဟု အမတ်များကို ပြောခဲ့သေးသည်။

ထိုပုဒ်မတွင် ခိုင်လုံသော အထောက်အထားမရှိသည့် ယူဆချက်များ၊ မသင့်လျော်သည့် အသုံးအနှုန်းများကို အမတ်များက အဆိုတင်ရာတွင် ထည့်သွင်းခြင်း မရှိစေရဟု ပြဌာန်းထားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်ကာ လက်ကျန် လွှတ်တော် သက်တမ်းနှစ်နှစ်ခွဲ ကာလအတွင်း ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူရမည် ဖြစ်သည်။

သူရဦးရွှေမန်းသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးအဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အနားယူကာ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်းအဖြစ် ၀င်ပြိုင်ပြီး အနိုင်ရရှိခဲ့သလို ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ်လည်း အရွေးချယ်ခံခဲ့ရသည်။ လက်ရှိတွင် သူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌလည်း ဖြစ်သည်။