ဇူလိုင် ၁၉ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဥသြဆွဲ ဂုဏ်ပြုခြင်း အစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၃၅ မြို့နယ်တွင် တက္ကသိုလ်ကျောင်းသားများအဖွဲ့(တကသ)များမှ ဦးစီးပြီး ပြုလုပ်မည်ဖြစ်သည်ဟု တကသအဖွဲ့မှ အလုပ်အမှုဆောင် ကိုနန်းလင်းက မဇ္ဈိမသတင်းစာသို့ ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်မှ အာဇာနည်ကုန်းအထိ လမ်းလျှောက် ဂုဏ်ပြုခြင်းလည်း ပြုလုပ်မည်
ဇူလိုင် ၁၉ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဥသြဆွဲ ဂုဏ်ပြုခြင်း အစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၃၅ မြို့နယ်တွင် တက္ကသိုလ်ကျောင်းသားများအဖွဲ့(တကသ)များမှ ဦးစီးပြီး ပြုလုပ်မည်ဖြစ်သည်ဟု တကသအဖွဲ့မှ အလုပ်အမှုဆောင် ကိုနန်းလင်းက မဇ္ဈိမသတင်းစာသို့ ပြောသည်။
၎င်းက “အာဇာနည်နေ့မှာ ဥသြဆွဲဖို့ကို ၃၅မြို့နယ်လို့ သတ်မှတ်ထားပေမယ့် ကျွန်တော်တို့ကျောင်းသား အဖွဲ့တွေက နယ်မြို့တွေကို သွားနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်မယ့်နယ်ခံတွေက တော့ ရှိနေမယ်၊ ဥသြဆွဲဖို့အတွက်ကို စီဒီခွေတွေ ကြိုပြင်ထားပြီးပြီ၊ တချို့ ကားသမားတွေကိုလဲ အချိန်ကျရင် ဟွန်းတွေ တီးပေးဖို့ ပြောထားတာလဲ ရှိတယ်”ဟု ဆိုသည်။
ရန်ကုန်မြို့တွင်သာမက ပုသိမ်၊ ဟင်္သာတ၊ ထားဝယ်နှင့် လွိုင်ကော်မြို့များရှိ ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး ဥသြဆွဲသံများ ထုတ်လွှင့်နိုင်ရန်လည်း စီဒီခွေများ ပေးပို့ထားပြီး ဖြစ်သည်ဟုလည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစည်သူမောင်က ဆိုသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များ၌ ကျောင်းသား ဆယ်ဦးခန့်နှင့် ပြည်သူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဂုဏ်ပြုအခမ်းအနားကို လုပ်ဆောင်မည်ဖြစ်ပြီး အနက်ရောင် ကျောင်းသားခွပ်ဒေါင်း အလံများအား ကိုင်ဆောင်မည်ဟုလည်း ကိုနန်းလင်းက ပြောပြသည်။
ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တစ်မိနစ်ခန့် ဥသြဆွဲကာ စုရပ် ငါးနေရာ ထပ်မံသတ်မှတ်၍ မြို့နယ်အသီး သီးမှ အာဇာနည်ကုန်းသို့ ပန်းခြင်းများဖြင့် သွားရောက် အလေးပြုမည် ဖြစ်သည်။
အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၀ ကျော်ကလည်း ဂုဏ်ပြု လမ်းလျှောက်မည်
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အရပ်ဘက် လူမှုအဖွဲ့အစည်း ၅၀ ကျော်ကလည်း ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် နံနက် ကိုးနာရီခွဲမှ စတင်ကာ ဂုဏ်ပြု အလေးပြုကြမည်ဖြစ်ပြီးနောက် အာဇာနည်ကုန်းသို့ ဂုဏ်ပြု လမ်းလျှောက်ကြမည်ဖြစ်သည်ဟု ငြိမ်းချမ်းရေး လူငယ်လမ်းလျှောက်အဖွွဲ့မှ ကိုရန် နိုင်ထွန်းက ပြောသည်။
ယင်းအစီအစဉ်အတွက် အနည်းဆုံး လူဦးရေ ငါးရာခန့် ပါ၀င်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
၎င်းက “ခွင့်ပြုမိန် ့တင်မထားပါဘူး။ နေ့ထူးနေ့မြတ်မှာ ပြုလုပ်မယ့် ပွဲမို့လို့လည်း မလိုအပ်ဘူးလို့ ထင်ပါ တယ်။ ဒီလို အခမ်းအနား ပြုလုပ်မယ်ဆိုတာ ၀န်ကြီးချုပ်ဆီ စာတင်ထားပါတယ်”ဟု ဆိုသည်။
ယင်းနေ့တွင် ဂုဏ်ပြုရန် လာရောက်သူများ အားလုံးကို အနက်ရောင် အဝတ်အစားများ ၀တ်ဆင်ပေးရန်လည်း
မေတ္တာရပ်ခံထားသည်ဟုလည်း ကိုရန်နိုင်ထွန်းက ပြောသည်။
အာဇာနည်နေ့တွင် တက္ကသိုလ်ကျောင်းသား အဖွဲ့များနှင့်အတူ သက်ဆိုင်ရာ မြို့နယ်အသီးသီးတို့မှ အမျိုးသား
ဒီမိုကရေစီအဖွဲ့များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ လူမှုအရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လုပ်ဆောင်နေသူ အဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်မည်ဟု တကသအဖွဲ့များက ဆိုသည်။