အာဇာနည်နေ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ဆွမ်းကပ်၊ အလေးပြု အခမ်းအနား ပြုလုပ်ခွင့်မရ

အာဇာနည်နေ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ ဆွမ်းကပ်၊ အလေးပြု အခမ်းအနား ပြုလုပ်ခွင့်မရ
by -
မဇ္ဈိမ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက် အောင်ဆန်း စက်မှုလက်မှုသင်တန်းကျောင်းဝန်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့တွင် သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်
ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း စသည့် အာဇာနည်နေ့အခမ်းအနားကို ရပ်ကွက်နေပြည်သူမှပြုလုပ်ရန် စီစဉ်ထားရာ ဒေသအာဏာပိုင်များက  ခွင့်ပြုချက်ပေးရန် ငြင်းဆန်လိုက်သည်။

ရပ်ကွက်နေ ပြည်သူများ အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် ဗိုလ်ချုပ်ပန်းခြံပြုပြင်ရေးကွန်ရက် (အောင်ဆန်းမြို့) မှ ဦးစီးပြုလုပ်ရန် ဇူလိုင်လ ၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ထံ ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ငြင်းပယ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“၁၃ ရက်မှ ခွင့်မပြုဘူးဆိုတဲ့ ငြင်းဆန် ချက်ကို ပြန်ပို့ခဲ့ပါတယ်။ အမှန်ဆို ငါးရက် အတွင်း အကြောင်းကြားစာ ပို့ရမှာပါ။ အယူခံခွင့်ရှိတယ်လို့လည်း ပါပါတယ်။ ဒီအချိန်ကြီးကျမှ ကျွန်တော်တို့ ဘယ်လို အယူခံရမှာလဲ” ဟု ဗိုလ်ချုပ်ပန်းခြံပြုပြင်ရေးကွန်ရက် ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောသည်။

အောင်ဆန်း စက်မှုလက်မှုသင်တန်း ကျောင်းအုပ်ကမူ ကျောင်းဝင်းအတွင်း အာဇာနည်နေ့ အခမ်းအနား ပြုလုပ်နိုင်ရန် ဇွန်လ ၂၆ ရက်ကတည်းက ခွင့်ပြုပြီးဖြစ်သည်ဟုလည်း ဦးတင်လှိုင်ကပြောသည်။ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ခွင့်မပြုခြင်းနှင့်ပတ်သက်၍ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိဟု အုပ်ချုပ်ရေးမှူးရုံး ဒု-ဦးစီးအရာရှိက ပြောသည်။

ယင်းရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ ထိုင်နေပုံဖြစ်ပြီး ၁၉၅၈ ခုနှစ်က ဗိုလ်ချုပ်၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကိုယ်တိုင် ကမကထပြုသွန်းလုပ်ထားသည့် ကြေးပိဿာချိန် ၈၀ဝ ခန့်ရှိသည့် ကြေးရုပ်ဖြစ်သည်။ ယင်း ကြေးရုပ် နှင့်ပန်းခြံဖွင့်ပွဲကို ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေး ခဲ့ကြောင်းလည်း ဗိုလ်ချုပ်ပန်းခြံပြုပြင်ရေး ကွန်ရက်ဝင်များကပြောသည်။

ဇူလိုင် ၁၉ တွင်ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မကွေးမြို့ ဗိုလ်ချုပ်အောင်ဆန်း
မြင်းစီးကြေးရုပ်တွင်လည်းပြုလုပ်ရန် စီစဉ်ထားရာ ထိုသို့ ပြုလုပ်မည်ဆိုပါက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄ အရ ငါးရက်ကြိုတင်ကာ ခွင့်ပြုချက်တောင်းခံရန် အကြောင်းကြားစာပေးပို့ထားသည်။

အာဇာနည်နေ့ အခမ်းအနားများ ပြုလုပ်ခွင့် ကန့်သတ်ခံနေရခြင်းနှင့်ပတ်သက်၍ ကြား၍ပင်မကောင်းသည့် ဖြစ်ရပ်ဟု ၈၈ ပွင့်လင်း လူအဖွဲ့အစည်းမှ ဦးဇော်ဇော်မင်းက ဝေဖန်သည်။

“သမ္မတကြီးက အရပ်ဖက် လူအဖွဲ့အစည်းတွေကို အာရုံစိုက်ပြီး လိုက်လျောပေးနေတဲ့အချိန်မှာ ဒီလို အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့ အခမ်းအနားကို ပယ်ချလိုက်တယ်ဆိုတာတော့ ကြားလို့တောင် မကောင်းဘူးထင်ပါတယ်”ဟု ပြောသည်။

အာဇာနည်နေ့တွင် ဥဩဆွဲသံများဖြင့် ဂုဏ်ပြုရန် လွှတ်တော်အတွင်း အဆိုတင်သွင်းမှုမှာလည်း မအောင်မြင်ခဲ့ပေ။

Most read this week