ယာဉ်တိမ်းမှောက်မှုကြောင့် အဆိုတော် ဆိုတေး သတိပြန်လည်လာခြင်း မရှိသေး၊ ဇနီးဖြစ်သူ သေဆုံး

ယာဉ်တိမ်းမှောက်မှုကြောင့် အဆိုတော် ဆိုတေး သတိပြန်လည်လာခြင်း မရှိသေး၊ ဇနီးဖြစ်သူ သေဆုံး
by -
မဇ္ဈိမ

အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာသော Sport Age အမျိုးအစားယာဉ်သည် ရန်ကုန်မှ မန္တလေး တောင်သာဘက်သို့အသွား မိုင်တိုင် ၂၉၁/၃ မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း၊ ၎င်း ဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင်းဂရိသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး ဆိုတေးမှာ သတင်းပေးပို့ချိန် ညနေ ၆ နာရီခွဲထိ သတိပြန်လည်လာခြင်းမရှိဘဲ ကျန်နှစ်ဦးမှာလည်း အတွင်းလူနာအဖြစ် မန္တလေးဆေးရုံကြီးတွင် ဆေးကုသဆဲဖြစ်ကြောင်း မန္တလေးဆေးရုံအသိုင်းအဝိုင်းအတွင်းမှ စုံစမ်းရရှိသည်။

ဆိုတေး၏ မိသားစုဝင်တစ်ဦးက “အန်တီတို့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမမှာရောက်နေပါတယ်။ ကားမှောက်တယ်ကြားတာကြောင့် သွားနေတာပါ။ ဘယ်ကို ဆက်သွယ်မေးမြန်းရမှန်းလဲမသိပါဘူး။ အန်တီကြားတာကတော့ မိတ္ထီလာဆေးရုံကနေပြီး မန္တလေးဆေးရုံကိုတင်မယ်လို့ သိရပါတယ်။ အန်တီတို့ဆီဆက်သွယ်ချိန်က ၁၂ နာရီ ၁၅ မိနစ်လောက်ရှိမယ်ထင်ပါတယ်” ဟု မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍သီးကုန်းရဲတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူက “ယာဉ်မှောက်တာက ၁၁ နာရီ ခွဲလောက်ကပါ။ ၁၂ နာရီ ၁၅ မိနစ်လောက်မှာ မိတ္ထီလာဆေးရုံကြီးကို ဆိုတေး(ခ)ကိုအောင်သက်ပိုင်၊ ချောချော(ခ)မဝင်းဂရိသူ၊ ချောချောညီမ မစံပယ်မိုး၊ ယာဉ်မောင်းဖြစ်သူ ကိုသန်းဝင်းလှိုင်တို့တွေကလည်း ဒဏ်ရာများနဲ့အတူ ရောက်ရှိသွားပါတယ်။ မချောချောကတော့ ၁၂ နာရီ ဝန်းကျင်လောက်ကဆုံးသွားပါတယ်။ ဆိုတေး၊ မစံပယ်မွန်၊ ယာဉ်မောင်း ကိုသန်းဝင်းလှိုင်တို့ကတော့ အတွင်းလူနာအဖြစ်နဲ့ ဆေးရုံတက်နေရပါတယ်”
ဟု ပြောကြားသည်။

အဆိုတော် ဂျင်းနီက “သတိကတော့ ခုချိန်ထိ မရသေးဘူး။ နှလုံးတော့ ခုန်နေဆဲပဲ။ ဦးခေါင်း၊ လည်ပင်းနဲ့
ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားပါတယ်”ဟု ဖြေကြားခဲ့သည်။

ဆိုတေးက ခုချိန်ထိ သတိတော့ မရသေးပါဘူး။ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကုဌာနကို ပို့ထားပါတယ်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသတင်းစာသို့ ဖြေကြားခဲ့သည်။

အဆိုတော်ဘန်နီဖြိုးကလည်း သူ၏ ဖေ့စ်ဘုတ်တွင် အတူရေးသားထားသည့် တေးသီချင်းများရှိကြောင်း၊မြန်မြန်ပြန်သတိရပါတော့ဟု ရေးသားဖော်ပြထားသလို လတ်တလောတွင် ယာဉ်ထိန်းရဲဝတ်စုံကိုဝတ်ဆင်ပြီး မိုက်ကယ်ဂျက်ဆင်အကဖြင့် ရိုက်ကူးမှုကြောင့် သတိပေးရသည့် ကြော်ငြာတွင် ပါဝင်ရိုက်ကူးထားသူ Bobby Soxer ကလည်း ဆိုတေး မြန်မြန်နေကောင်းဖို့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ တိုက်တွန်းထားကြသည်။

ဆိုတေးသည် တောင်သာမြို့သို့ ပွဲ သီဆိုရန်သွားရောက်စဉ် ယင်းကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ ကိုသန်းဝင်းလှိုင်အား အမှုဖွင့် အရေးယူထားသည်။

Most read this week