တရားဝင် ကုသခွင့်မရှိသည့် တရုတ်တိုင်းရင်းဆေးဆရာများ ဆေးကုနေသည်ဟု ကျန်းမာရေးဝန်ကြီးဆို

တရားဝင် ကုသခွင့်မရှိသည့် တရုတ်တိုင်းရင်းဆေးဆရာများ ဆေးကုနေသည်ဟု ကျန်းမာရေးဝန်ကြီးဆို
by -
မဇ္ဈိမ

တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိသည့် တရုတ်တိုင်းရင်းဆေးဆရာများ ဆေးကုနေမှုများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဇူလိုင် ၁၀ ရက်က အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

“တရုတ်တိုင်းရင်းဆေးခန်းတွေကို စစ်ဆေးတွေ့ရှိလို့ သတိပေးလိုက်တယ်။ နောက်နေ့ အပြင်မှာ ဆေးခန်း ပိတ်ထားပြီး အတွင်းမှာ ဆေးဝင်ကုနေတဲ့ သူတွေလည်း တွေ့ရတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စစ်ဆေးတွေ့ရှိရင်လဲ ဖမ်းပိုင်ခွင့်၊ ဆွဲထုတ်ပိုင်ခွင့် မရှိဘူး၊ တရုတ်တိုင်းရင်းဆေးဆရာတွေ တော်တော်များများ ထိုးဖောက်နေတာ လွှတ်တော်ကနေ သတိပေးလိုပါတယ်”ဟု ပြောသည်။

လက်ရှိတွင် အနောက်တိုင်း ဆေးကုသခွင့်လိုင်စင်နှင့် မြန်မာ့တိုင်းရင်းဆေး ကုသခွင့်လိုင်စင်ဟူ၍ လိုင်စင်နှစ်မျိုးသာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးလျက်ရှိရာ တရုတ်တိုင်းရင်းဆေး ကုသသူများသည် အဆိုပါ လိုင်စင်နှစ်မျိုးတွင် မည့်သည့်လိုင်စင်နှင့်မျှ ကိုက်ညီမှုမရှိဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှ အောက်လွှတ်တော်အမတ် ဒေါက်တာနေလင်းက ဆေးကုခန်းများနှင့် ဆေးဝါးများ၏ ကြော်ငြာများနှင့် ဆေးကုထုံး မှန်/မမှန် အစိုးရက မည်သို့ ကြပ်မတ်နေပါသနည်းဟု လွှတ်တော်တွင် မေးသဖြင့် ကျန်းမာရေးဝန်ကြီးက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဒေါက်တာနေလင်းက ရန်ကုန်၏ မြို့တွင်း မြို့နယ်များတွင်ရှိသော ပုဂ္ဂလိက ဆေးခန်းများတွင် တရုတ် နည်းပညာ၊ ဂျပန်နှင့် ဂျာမနီနည်းပညာများကို အသုံးပြု၍ ရောဂါ အမြစ်ပြတ် ကုသပေးမည်ဟု လူများကို ဆွဲဆောင်ပြီးကြော်ငြာနေသည်ကို တွေ့ရသဖြင့် လွှတ်တော်တွင် မေးမြန်းရခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

“လိပ်ခေါင်း အမြစ်ပြတ် ကုသပေးပါတယ်ဆိုတဲ့ စဉ့်အိုးတန်းဘက်က ဆေးခန်းတစ်ခုကို ကျွန်တော့်မိတ်ဆွေ တစ်ယောက် သွားပြခဲ့ပါတယ်။ ဆေးကုသပြီး နှစ်လလောက်အကြာမှာ ရောဂါပြန်ဖြစ်လို့ ပြန်ပြတဲ့အခါ လူနာက အနေအထိုင် မတတ်လို့ဖြစ်တာ၊ သူတို့နဲ့ မသက်ဆိုင်ပါဘူးလို့ ပြောတာသိခဲ့ရတယ်”ဟု ဒေါက်တာနေလင်းက သူ့အတွေ့အကြံုကို လွှတ်တော်တွင် ပြောခဲ့သည်။

ထိုကဲ့သို့ ကြော်ငြာများဖြင့် လူများကို ဆွဲဆောင်ပြီး ကုသပေးနေသည့် ဆေးခန်းများကို “ဆေးကောင်စီ အနေဖြင့် အထူးသတိထားရန် လိုနေပြီ”ဟု ၀န်ကြီး ဒေါက်တာဖေသက်ခင်က ဆိုသည်။

ထို့ပြင် လိုင်စင်မရှိဘဲ ဆေးကုနေသူများကို ကျန်းမာရေးနှင့် ပြည်ထဲရေး ၀န်ကြီးဌာန နှစ်ခုပေါင်း၍ စစ်ဆေးသွားမည်ဖြစ်ပြီး ပြည်သူကလည်း သတင်းပေးပို့ရန် လိုသည်ဟု ဒေါက်တာဖေသက်ခင်က အမတ်များကို အသိပေးပြောကြားခဲ့သေးသည်။

“ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကလဲ ကိုယ့်ရပ်ကွက်အတွင်းမှာ တရားဝင် ဆေးကုသခွင့် လို်င်စင်မရှိတဲ့ ဆေးကုသသူတွေကို ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ စစ်ဆေးသင့်ပါတယ်။ သတင်းပေးဖို့ လိုအပ်ပါတယ်”ဟုလည်း ၀န်ကြီးက ဆိုသည်။