မန္တလေးမြို့ အမျိုးသားသွေးလှူဘဏ်တွင် သွေးလိုအပ်မှုနှင့် သွေးလှူဒါန်းမှုနှုန်း မညီမျှသေးဘဲ သွေးလိုအပ်မှုများရှိနေကြောင်း မန္တလေးအထွေထွေဆေး ရုံကြီး အမျိုးသားသွေးလှူဘဏ်ဌာနမှ တာဝန်ခံဒေါက်တာ ခင်မြမွန်က မဇ္ဈိမကိုပြောသည်။
“သွေးလှူဒါန်းလိုသူ စေတနာရှင်နည်းနေသေးတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ချက်ကြည့်ရင် ငါးရာခိုင်နှုန်းလောက် တိုးလာရင်မဆိုးဘူးလို့ ပြောလို့ရတယ်။ အခုဟာက သွေးလိုလို့ ပြေးရှာရတာက ဒုက္ခတစ်ခုလိုဖြစ်နေတယ်” ဟု ဒေါက်တာခင်မြမွန်ကပြောသည်။
အမျိုးသားသွေးလှူဘဏ် မန္တလေးတွင် သွေးအစားထိုးကုသရမည့် လူနာများအား အရေးပေါ်သုံးစွဲနိုင်မည့် သွေးမျိုးစုံ ပုလင်း (၃၀) မှ (၅၀) အထိ အမြဲသိမ်းဆည်းထားရသည်။ နေ့စဉ်သွေး အစားထိုး ကုသပေးရမည့် လူနာများအတွက်လည်း သွေးပုလင်း ၁၃၀ မှ ၂၀၀ အကြားတွင် ရှိကြောင်းသိရသည်။
မန္တလေးအထွေထွေဆေးရုံကို နေ့စဉ်သွေးလာရောက်လှူဒါန်းသည့် ပရဟိတသွေးအလှူရှင် သံဃာများ နှင့် လူဦးရေ (၈၀) မှ (၁၀၀) အထိရှိကြောင်း သူနာပြုဆရာမကြီး ဒေါ်ကြူကြူက မဇ္ဈိမကိုပြောသည်။
မန္တလေးတွင် ပရဟိတအသင်းပေါင်း ၁၀၀ ကျော်ရှိပြီး ထိုအသင်းများကလည်း လိုအပ်သည့်အခါတိုင်း လှူဒါန်းမှုရှိသကဲ့သို့ နည်းပညာ တက္ကသိုလ် (မန္တလေး) ကလည်း ခြောက်လတစ်ကြိမ် သွေးလှူဒါန်းမှုများပြု လုပ်နေပြီး တစ်ခေါက်လျှင် သွေးပုလင်း ၈၀၀ ကျော်ကနေ ၁၀၀၀ ကြားရှိကြောင်း နည်းပညာတက္ကသိုလ် (မန္တလေး) သွေးအလှူရှင်အသင်းက BE နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ပြောသည်။