SSPP/SSA နှင့် အစိုးရတို့ လားရှိုး၌ ရက်ပိုင်းအတွင်း တွေ့မည်

SSPP/SSA နှင့် အစိုးရတို့ လားရှိုး၌ ရက်ပိုင်းအတွင်း တွေ့မည်
by -
မဇ္ဈိမ

အစိုးရတပ်နှင့် စစ်ရေး တင်းမာနေမှုများ ဖြစ်ပွားနေသည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ယခု ရက်ပိုင်းအတွင်း တွေ့ဆုံမည်ဟု SSPPပြောရေးဆိုခွင့်ရှိ သူက မဇ္စျိမကို ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ချိန်းဆိုခဲ့သော်လည်း ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“ပြန်တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ နောက်ထပ် လေးငါးရက် အတွင်း တွေ့ဖြစ်ပါ့မယ်။ ကျနော်တို့ဆီတော့ အကြောင်းပြန်လာပါပြီ။ လားရှိူးမှာ တွေ့ဖို့ပေါ့” ဟု ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက မဇ္စျိမကို ပြောသည်။

တွေ့ဆုံမည့်ရက် အတိအကျကို ထုတ်ဖော် ပြောကြား နိုင်သေးခြင်း မရှိကြောင်း ငြင်းဆို ခဲ့သည်။ အစိုးရ ကိုယ်စားလှယ်များသည် “ဝ”အဖွဲ့ (UWSA)နှင့် တွေ့ဆုံပြီးနောက် ၎င်းတို့နှင့် လာရောက် တွေ့ဆုံမည် ဖြစ်သည်။

တွေ့ဆုံပွဲအတွက် SSPP/SSA ၏ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်စင် ဦးဆောင်၍ ဗိုလ်မှူး စိုင်းလ အပါအဝင် ကိုယ်စားလှယ် ငါးဦးခန့်တို့ ဇွန်လ ၁၁ ရက်နေ့၌ လားရှိူးသို့ ထွက်ခွါကြမည် ဖြစ်ပြီး နှစ်ဖက် စစ်ရေး တင်းမာနေမှုကိုလျော့ချနိုင်ရန် ဆွေးနွေးဖွယ် ရှိသည်။

မိုင်းရှူးမြို့နယ်တွင်းရှိ တာဆန်ပူး (ကူတို့ဆိပ်) တပ်စခန်း ဆုတ်ခွါပေးရန် အစိုးရတပ်မှ SSPP ထံ အမိန့်ပေး ညွှန်ကြားလာသည့် ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင် နှစ်ဖက် စစ်ရေးအခြေအနေ စတင် တင်းမာလာခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီး မျိုးထွဋ်လှိုင် က SSPP/SSA ၏ အတွင်းရေးမှူး (၂) ဒု-ဗိုလ်မှူးကြီး စဝဝ်ခမ်းတီ ထံသို့ ဆက်သွယ်၍ ရာဇသံ ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက် ဇွန်လ ၂၂ ရက်နေ့တွင် ကျေးသီးမြို့နယ် မမ့်ဝပ်ရွာ ဘုန်းကြီးကျောင်း၌ ရှမ်းတပ်ဖွဲ့နှင့် ခမရ ၅၂၅ နှင့် ခမရ ၅၆၉ ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်ရှိ၌လည်း မိုင်းရှူးနှင့် တန့်ယန်းမြို့နယ် အကြား၌ စကခ (၁၇) နှင့် စကခ (၂) တို့မှ တပ်များနှင့် လွယ်စေးနှင့် လွယ်လန်း တလျှောက်တွင် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တပ်များ နေရာယူ တပ်စွဲထားဆဲ ဖြစ်ကာ အင်အားထောင်ဂဏန်းခန့် အမြဲတမ်း ရှိပြီး SSPP တပ်များသည်လည်း တာဆန်ပူး (ကူးတို့ဆိပ်) ၌ နဂိုအတိုင်း တပ်စွဲနေလျက် တင်းမာမှု ရှိနေသော်လည်း ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိသေးပေ။

ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်းရှိ SSPP ဝမ်ဟိုင်း ဌာနချုပ်၌ SSPP ၏ ၆ လပတ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပခဲ့ပြီး တာဆန်ပူး (ကူတို့ဆိပ်) တပ်စခန်းကိစ္စ ဆွေးနွေးခဲ့ကာ ဆုတ်ပေးရန် သဘောထား မရှိကြောင်း ဗိုလ်မှူးစိုင်းလ က ပြောသည်။

ထိုအစည်းအဝေးမှ နိုင်ငံရေး ပြဿနာကို စစ်ရေး အကြမ်းဖက်နည်းဖြင့် မဖြေရှင်းရေး၊ အပစ်အခတ် ရပ်စဲမှု ခိုင်မာရေးနှင့် တပြည်လုံး အပစ်အခတ် ရပ်စဲနိုင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ ကျန်ရှိ နိုင်/ကျဉ်းများ အမြန်လွှတ်ပေးရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး စသည့် အချက် ၉ ချက်ပါ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၂ နှစ်လယ် ပိုင်းမှ စ၍ SSPP တပ်နှင့် အစိုးရ တပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများ တဖြည်းဖြည်း ဖြစ်ပွားမှု များပြားလာပြီး မိုင်းရှူးနှင့် တန့်ယန်း ကားလမ်း တလျှောက် သံလွင်မြစ် အရှေ့ခြမ်း SSPP တပ်စခန်းများအား အစိုးရတပ်များက တိုက်ခိုက်နေခြင်းမှာ “ဝ” နယ်မြေအား ခြိမ်းခြောက် နိုင်ရေးအတွက် ခြေကုပ်နယ်မြေ ရရေးအတွက် တိုက်ခိုက်နေကြောင်း ထင်ရှားသည်ဟုလည်း ဗိုလ်မှူး စိုင်းလ က ဆိုသည်။

“ကျနော်တို့လည်း ဟိုအရင်က ပြောခဲ့ပါတယ်။ သံလွင်မြစ် အရှေ့ခြမ်းက ကျနော်တို့ တပ်တွေကို တိုက်နေတာ ဆိုတာကလည်း “ဝ”ကို ဦးတည်နေတာနဲ့ အတူတူပဲလေ။ ကျနော်တို့ တပ်တွေ ဆုတ်ပေးလိုက်ရင် သူက (အစိုးရ တပ်များက) “ဝ” ကို ဦးတည်မှာပဲလေ။ ဒါက ထင်ထင် ပေါ်ပေါ်ပဲ သုံးသပ်လို့ ရပါတယ်” ဟုမဇ္စျိမကို ပြောသည်။

“ဝ” နှင့် SSPP/SSA တို့သည် စစ်ရေး မဟာမိတ် အဖွဲ့များ ဖြစ်ကြကာ စစ်ရေးအရ လိုအပ်သည့် အချိန် ရောက်လျှင် အပြန်အလှန်အကူ အညီပေးသွားကြမည်ဟုလည်း ၎င်းက ဆိုသည်။

SSPP/ SSA နှင့် အစိုးရ အကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခဲ့ကြသည်။ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ထိတွေ့တိုက်ပွဲများ အကြိမ် ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး နောက်ဆုံး ထိတွေ့တိုက်ပွဲမှာ ဇွန်လ ၂၂ က ကျေးသီး မြို့နယ် မမ့်ဝပ်ရွာ ဘုန်းကြီးကျောင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ဖြစ်သည်။

Most read this week