မန္တလေးတိုင်းအတွင်း၌ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ တစ်ရက်လျှင်နှစ်ဦးခန့် သေဆုံးလျက် ရှိနေပြီး ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတွင်း သေဆုံးသူသုံးရာကျော်ရှိ ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။
ထိုခြောက်လအတွင်း ယာဉ်တိုက်မှု စုစုပေါင်း ၈၉၂ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူစုစုပေါင်း ၃၂၄ ဦးရှိပြီ ဖြစ်သည်။ စစ်တမ်းများအရ ယာဉ်တိုက်မှုကြောင့် တစ်လကိုပျမ်းမျှ ၅၅ ဦးနှုန်းသေဆုံးနေပြီး အများစုမှာ အမျိုးသားများဖြစ်သည်။
“အဲဒါ လူသားအရင်းအမြစ်တွေ ဆုံးရှုံးတာပဲ။ တိုင်းပြည်အတွက်နစ်နာတာပဲ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာဆောင်ပုဒ်ကိုလိုက်နာသင့်တယ်။ စစ်ဆေးမှုတွေပိုလုပ်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်” ဟု မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက မဇ္ဈိမ ကိုပြောသည်။
မန္တလေးတိုင်းအတွင်း ယာဉ်တိုက်မှုများ ဖြစ်ပွားလျက်ရှိ၍ စစ်ဆေးအရေးယူခြင်း၊ ပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်တိုင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေရကြောင်း ၀န်ကြီးကပြောသည်။
ဆိုင်ကယ်စီးသူများကိုလည်း နှစ်ယောက် ထက်ပိုမစီးရန်၊ အရည်အသွေးကောင်းတဲ့ ဆိုင်ကယ်ဦး ထုတ်များ ဆောင်းရန်၊ မြို့တွင်း၌ မိုင်(၃၀)ထက် ပိုမကောင်းရန်စသည့် စည်းကမ်းချက်များ ထုတ်ထားသော်လည်း လိုက်နာခြင်းမရှိသောကြောင့် ယခုကဲ့သို့ သေဆုံးမှုများပြားနေရခြင်းဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။
စည်းကမ်းမလိုက်နာသော ယာဉ်များ အား ဇန်နဝါရီလမှ ဇွန်လအထိ မော်တော် ယာဉ် ၄,၃၆၄ စီးအား အမှုပေါင်း ၄,၆၇၂မှု နှင့် ဆိုင်ကယ် ၁၂,၀၁၀စီးအား အမှုပေါင်း ၁၂,၄၅၃မှုဖြင့် အရေးယူဆောင်ရွက်ခဲ့ရ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။