ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား ကလေးများအတွက် မြန်မာသင်ရိုးဖြင့် ကျောင်းဖွင့်

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား ကလေးများအတွက် မြန်မာသင်ရိုးဖြင့် ကျောင်းဖွင့်
by -
မဇ္ဈိမ

ထိုင်းနိုင်ငံ၊ ဆမုတ်ဆာခွန်ခရိုင်ရှိ၊ မဟာချိုင် အရပ်၌ မြန်မာ့ ပညာရေး ဦးစီးဌာန၏ မြန်မာဘာသာ တရားဝင် သင်ရိုးညွှန်းတမ်းကို အသုံးပြုကာ သင်ကြားသည့် “ရွှေ့ပြောင်း အလုပ်သမား ရင်သွေးငယ်များ အရည်အချင်း မြှင့်တင်ရေးကျောင်း” မူလတန်း ကျောင်းဆောင် တခုကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်လိုက်ကြောင်း ၎င်းကျောင်းဆောင်၏ ကျောင်းအုပ် ဆရာမကြီးက ပြောသည်။

“ကလေးတွေက စာနဲ့ နည်းနည်းတော့ ကင်းကွာနေတာတော့ ရှိတယ်။ အရင်က အောင်ခဲ့ပြီး ဖြစ်ပေမယ့် အကြာကြီး ပြတ်သွားခဲ့တယ်။ အခုမှ ပြန်စတာဆိုတော့ နည်းနည်းတော့ စိမ်းနေတာတော့ ရှိတယ်။ ဒါပေမယ့် ကလေးတွေမှာတော့ သင်ချင်စိတ် ရှိကြပါတယ်” ဟု ကျောင်းအုပ် ဆရာမ ဒေါ်တင်ဌေးရီ က မဇ္စျိမကို ပြောသည်။

ယနေ့အထိ ကျောင်းအပ် စာရင်းအရ သူငယ်တန်းတွင် ၃၀ ဦး၊ ပထမတန်းတွင် ၄ ဦး၊ ဒုတိယ တန်းတွင် ၃ ဦး၊ တတိယ တန်းတွင် ၉ ဦးနှင့် စတုတ္ထတန်းတွင် ၂ ဦး စုစုပေါင်း ၅၀ ကျော် တက်ရောက် သင်ကြားလျက် ရှိပါသည်။ ထပ်မံ၍လည်း နေ့စဉ် လာရောက် အပ်နှံ မှုများ ရှိနေ သည်ဟု ကျောင်းအုပ် ဆရာမ ဒေါ်တင်ဌေးရီ က ဆက်ပြောသည်။

၎င်းကျောင်းဆောင်အား ဝါဒ်ထစ် ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားပြီး ဆရာ တဦးနှင့် ဆရာမ နှစ်ဦးတို့က တာဝန်ယူ သင်ကြားပေးနေကာ ဆရာ/ဆရာမ တဦးလျှင် ထိုင်း ဘတ်ငွေ ရ,၀၀၀ ဖြင့် ထောက်ပံကြေး
ပေးထားသည်ဟု ဆိုသည်။

ကျောင်းဆောင် ဖြစ်မြောက်ရေးအတွက် မဟာချိုင် အခြေစိုက် မြန်မာ့ ရွှေ့ပြောင်း အလုပ်သမားများ အခွင့် အရေး ကွန်ယက် (MWRN) နှင့် အခြား ဘာသာရေး၊ လူမှုရေး၊ အလုပ်သမား အခွင့်အရေး တက်ကြွှလှုပ်ရှား အဖွဲ့များ စုပေါင်း၍ သဘောတူညီ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု MWRN ၏ ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်သည့် တရားဝင် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားအား ခရိုင်ဝန်၊ ကုန်သည် ကြီးများအဖွဲ့၊ ခရိုင် အလုပ်သမား ရေးရာဌာန စသည့် ထိုင်းအာဏာပိုင် များနှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့ အလုပ်သမားအရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ဘာသာရေး၊ သာရေးနာရေး အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ မြန်မာဘာသာဖြင့် သင်ကြားပေးနေသည့် ကျောင်းပေါင်း ၁၀၀ ကျော် ရှိသော်လည်း နှစ်နိုင်ငံ အစိုးရ ဆွေးနွေး၍ တရားဝင် အသိအမှတ် ပြုမှုဖြင့် သင်ကြားနေသည့် ကျောင်းများမှာ မရှိသလောက် ဖြစ်ကာ နားလည်မှုဖြင့်သာ သင်ကြားနေကြခြင်း ဖြစ်သည်ဟုလည်း ဦးအောင်ကျော် က ပြောသည်။

လက်ရှိ၌ မြန်မာ့သင်ရိုး ညွှန်းတမ်းအတိုင်း မြန်မာစာ၊ အင်္ဂလိပ်စာ တို့ကို အဓိက အားပြုသင်ကြား နေကာနောင်တွင် ထိုင်းဘာသာအား ထပ်တိုး သင်ကြားပေးဖွယ် ရှိကြောင်း သိရသည်။