ဆက်သွယ်ရေးဥပဒေ အမျိုးသားလွှတ်တော်တွင် အတည်ပြု

ဆက်သွယ်ရေးဥပဒေ အမျိုးသားလွှတ်တော်တွင် အတည်ပြု
by -
မဇ္ဈိမ

ဇူလိုင် ၂ ရက်က နေပြည်တော်တွင် ကျင်းပသော ပထမအကြိမ်၊ အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေမူကြမ်းကို အတည်ပြုလိုက် ပြီဖြစ်သည်။

ယင်းဥပဒေတွင် အခန်း ၃၇ ခန်းနှင့် အပိုဒ် ၈၉ ပိုဒ် ပါဝင်ပြီး ဥပဒေမူကြမ်းပါအပိုဒ်များအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို ဥပဒေကြမ်းကော်မတီက ပြုလုပ်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဥပဒေမူကြမ်း အတည်ပြုခြင်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်း ကော်မတီဝင် ဒေါ်ခင်ဝိုင်းကြည် က ''ဥပဒေကြမ်းကော်မတီအနေနဲ့ သုံးစွဲမယ့်ပြည်သူအတွက်ရော ဝင်ရောက် လာမယ့် လုပ်ငန်းရှင်တွေအတွက်ပါ မျှတတဲ့ ဥပဒေဖြစ်ဖို့ ကြိုးပမ်းထားကြပါတယ်။ နိုင်ငံ တကာကဝင်လာမယ့် လုပ်ငန်းရှင်တွေအနေနဲ့ တိကျတဲ့စည်းမျဉ်းတွေ ပါဝင်ပေမယ့် ချုပ်ကိုင်တဲ့ ဥပဒေမျိုးလည်း မဟုတ်ပါဘူး'' ဟု မဇ္ဈိမသို့ ပြောသည်။

ဥပဒေကြမ်းကို ပြင်ဆင်ရာတွင် ဆက်သွယ်ရေးကဏ္ဍ၌ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းများ အခွင့်အလမ်းတူစွာ၊ ပွင့်လင်းမြင်သာမှု ရှိစွာ ယှဉ်ပြိုင်နိုင်ရန် ပါဝင်ပြီး သုံးစွဲသူများကိုလည်း ထိုက်တန်သောဝန်ဆောင်မှု လုပ်ငန်းများ ပေးနိုင်ရန်အတွက် စသည့်အချက်များ ပါဝင်သည်။

ပြင်ဆင်ဖြည့်စွက်မှုများလည်း ပါဝင်ပြီး ပုဒ်မ-၈အဖြစ် ဖြည့်စွက်ရာတွင် ''အခွင့်အလမ်းတူမျှပြီး မြင်သာသည့် ယှဉ်ပြိုင်မှုများ ပေါ် ထွက်လာစေရန် ဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်
ရေးအတွက် ရွေးချယ်ခြင်းဆိုင်ရာမူဝါဒများ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းများကို အများ သိစေရန် ထုတ်ပြန်
ကြေညာပေးရမည်'' ဟူ၍ ပါဝင်သည်။

ယင်းဥပဒေကို ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဖြစ်သော်လည်း ပြည်သူ့ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်ရှိသေးကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

ယင်းဥပဒေမူကြမ်းကို ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက အများပြည်သူ လေ့လာနိုင်စေရန် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ ယင်းသို့ဖော်ပြခဲ့ပြီးနောက်ပိုင်း ဥပဒေမူကြမ်းနှင့်ပတ်သက်၍
ပြည်တွင်းအိုင်တီ ပညာရှင်များ၊ လုပ်ငန်းရှင်များက ပြင်ဆင်ရန် လိုအပ်သည်များကို အကြံပေးထောက်ပြမှုများ ရှိခဲ့သည်။

ဥပဒေပြင်ဆင်ချက်များကို ဖတ်ရှုနိုင်ခြင်း မရှိသေး၍ မည်သည့်အချက်များကို ပြင်ထားသည်ကို မသိသော် လည်း ပညာရှင်များ ပြင် ဆင်စေလိုသည်ဟု ဖော်ပြထားသောအချက်များကို ပြင်ဆင်ပေးမည်ဆိုပါက အဆင်ပြေ မည်ဖြစ်သည်ဟုလည်း ပညာရှင်အများစုက ဆိုသည်။

ယင်းဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပြည်တွင်းအိုင်တီပညာရှင်၊ လုပ်ငန်းရှင်များ၏ အမြင်များကိုလည်း မဇ္ဈိမက မေးမြန်းထား ပါသည်။

ဦးဇော်ဇော်မျိုးလွင် (အုပ်ချုပ်မှုဒါရိုက်တာ)

Myanmar Heartz Media and Business Solution

''အကြံပြုချက်တွေကို ပညာရှင်တွေက ပေးခဲ့တယ်။ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ပြန်ပြင်ကြတယ်။ ပြန်ပြင်တဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှမသိရတော့ဘူး။ ဥပဒေ ထွက်လာရင်လည်း ပြန်ပြင်တဲ့အချက်တွေက ဘာ တွေဖြစ်လာမလဲဆိုတာ မသိရသေးဘူး။ ဖြစ် သင့်တာက ဥပဒေတွေက အီလက်ထရွန်းနစ်နဲ့ ဥပဒေတို့၊ ဖိုင်ဘာဥပဒေ၊ e Commerce ဥပဒေတို့၊ နောက် အိုင်တီ Law ဆိုတဲ့ ပစ္စည်းမူပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ခွဲထုတ်ဖို့လိုတယ်။ အခု ဆက်သွယ်ရေးဥပဒေ ကြမ်းမှာတော့့ အားလုံးကို တစ်စုတစ်စည်း တည်းချုပ်ထားတဲ့ အနေအထားလေး တွေ့တယ်။ ယေဘုယျ နည်းနည်းဆန်တယ်။ ပညာ ရှင်နဲ့ လုပ်ငန်းခွင်ထဲကသူတွေ သိပ်မနှစ်သက် ကြဘူး''။

ဦးရှိန်းသူအောင် (ဥက္ကဋ္ဌ)

RedLink ကုမ္ပဏီ

''ဥပဒေထွက်လာမှ လုပ်လို့ရမယ့်လုပ်ငန်း တွေက အများကြီးပဲ။ ဒီဥပဒေထွက်ပေါ်လာ ဖို့ မျှော်လင့်ပါတယ်။ အခုက မြန်မာ့ဆက် သွယ်ရေးတို့၊ ရတနာပုံတယ်လီပို့တို့လို အဖွဲ့အစည်းတွေလက်အောက်ကနေ အလုပ်လုပ်
နေရတယ်။ အခု Distribution တို့ ဘာတို့ လုပ်တဲ့သဘောလောက်ပဲရှိတယ်။ အရည်အသွေးကောင်းတဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ပြည်ပ အင်တာနက်ဆက်ကြောင်းတွေနဲ့ ချိတ်ဆက်ဖို့ အဲဒါတွေ အပါအဝင် လုပ်ငန်းတော်တော်များများတွေက ဥပဒေထွက် လာမှ လုပ်လို့ရလာမယ်''။