ချောင်းဦးတွင် ဗုံးဟောင်းနှစ်လုံးတွေ့၍ ဖောက်ခွဲဖျက်ဆီး

ချောင်းဦးတွင် ဗုံးဟောင်းနှစ်လုံးတွေ့၍ ဖောက်ခွဲဖျက်ဆီး
by -
မဇ္ဈိမ

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ၃၆ ခွင်ဗုံး (အဟောင်း) နှစ်လုံးအား ဖျူ့စ်တပ်ဆင်လျက် အင်္ဂါရပ်ပြည့်စုံစွာ တွေ့ရှိခဲ့၍ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း မြို့နယ်အုပ် ချုပ်ရေးမှူးရုံး၏ မှတ်တမ်းအရ သိရသည်။

ယင်းဗုံးအဟောင်း နှစ်လုံးကို ချောင်းဦး တောင်ရပ်ကွက်၊ ကွင်းအမှတ် (၂ဝ၂၅)၊ လယ်ပိုင်ရှင် ဦးဝင်းမြင့်ဦး ပိုင်ဆိုင်သည့် လယ်ကန်သင်းဘေးရှိ သစ်ပင်အောက်တွင် ဇူလိုင် ၁ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စတင်တွေ့ရှိခဲ့သူ လယ်ပိုင်ရှင် ဦးဝင်းမြင့် ဦးက ''လယ်ကန်သင်းအနီးက တမာပင်အောက်မှာ အနက် ရှစ်လက်မခန့်ရှိတဲ့ မြေကျင်း တူးပြီး ထည့်ထားတာကို စတင်တွေ့ရှိခဲ့ရ တာဖြစ်ပါတယ်'' ဟု မဇ္စျိမကို
ပြောသည်။

ယင်းဗုံးများကို ဆပ်ပြာမှုန့် အိတ်အဟောင်းများ ထည့်ထားပြီး အင်္ဂါရပ်ပြည့် စုံစွာတွေ့ရှိခြင်း ဖြစ်သည်။ ယင်းဗုံး များကို မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အန္တရာယ်မဖြစ်စေရန် သိမ်းယူခဲ့ပြီး အမှတ် (၉ဝ၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်မှူး နေဦးအောင် ဦးစီးသောအဖွဲ့က ချောင်းဦးတောင် ရပ်ကွက်၌ ဖောက်ခွဲဖျက်ဆီးခဲ့သည်။

အသင့်ဖောက်ခွဲအသုံးပြုနိုင်သော အဆိုပါ ခွင်ဗုံးနှစ်လုံးအား တွေ့ရှိခဲ့သည့် ချောင်းဦးမြို့သည် ၂ဝဝ၇ ခုနှစ် ခန့်ကလည်း ဖောက်ခွဲရေးသုံးပစ္စည်းများ ဖြစ်သည့် TMT ယမ်းတောင့်များ တွေ့ရှိခဲ့ဖူးသည်။ ယင်းကြောင့် သက်ဆိုင်ရာမှ ဖော်ထုတ်အရေး ယူခဲ့ရသော ဖြစ်စဉ်များရှိခဲ့ ကြောင်းလည်း ဒေသခံတစ်ဦးက မဇ္စျိမကို
ပြောသည်။