ဗုဒ္ဓဘာသာ အကြမ်းဖက်လိုမှုနှင့် ပတ်သက်၍ မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြထား
သော ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို သီရိလင်္ကာနိုင်ငံက ပိတ်ပင်လိုက်ကြောင်း AFP သတင်း တရပ်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံမှ ဦးဝီရသူ ၏ပုံ မျက်နှာဖုံးဖြင့် ပုံနှိပ်ဖော်ပြထားသော အဆိုပါ TIME မဂ္ဂဇင်း တင်ပို့ကုန်များကို လွန်ခဲ့သည့် သီတင်းပတ်က ကိုလံဘို အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာ အများစုဖြစ်သည့် သီရိလင်္ကာနိုင်ငံ၏ အကောက်ခွန်ဌာန ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုအရ မျက်နှာ ဖုံး ဆောင်းပါးကြောင့် တိုင်းပြည်တွင်း ဘာသာရေး တင်းမာမှုများ ပေါ်ပေါက်လာစေနိုင်၍ ပိတ်ပင်ရခြင်း
ဖြစ်သည်ဟု ဆိုသည်။
“ဒါဟာ ပြည်သူတွေရဲ့ ဘာသာရေး ခံယူချက်ကို ထိခိုက်စေနိုင်တယ်လို့ ကျနော်တို့ ခံစားရတဲ့အတွက် ဒီထုတ်ဝေမှုကိုတော့ သီရိလင်္ကာ နိုင်ငံတွင်းမှာ ဖြန့်ချိခွင့် မပေးခဲ့ပါဘူး” ဟု အကောက်ခွန် အရာရှိ Lesley Gamini က AFP ကို ပြောသည်။
သီရိလင်္ကာနိုင်ငံတွင်လည်း လူနည်းစု မူဆလင်များနှင့် ပဋိပက္ခများ ဖြစ်ပွားထားသည်။ ဗုဒ္ဓဘာသာ အခြေခံ အုပ်စု တခုက သီရိလင်္ကာတွင် မူလလင်များ၏ ဟာလာ အမှတ်အသားပါ အစားအစာ များကို ဆန့်ကျင်ခဲ့ကြပြီးနောက် ယခုနှစ် အတွင်း၌ သီရိလင်္ကာတွင် ဘာသာရေး တင်းမာမှှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ "The Face of Buddhist Terror" မျက်နှာဖုံး ဆောင်းပါးပါ TIME မဂ္ဂဇင်းကို မြန်မာအစိုးရက ကန့်ကွက်ထားပြီး တင်သွင်းခွင့်ပါ ပိတ်ပင်ထားသော်လည်း အင်တာနက် စာမျက်နှာများမှတဆင့် မူရင်းနှင့် ဘာသာပြန်မူများပါ ဖတ်ရှုနိုင်ကြသည်။
အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် TIME မဂ္ဂဇင်းများကို ပုံမှန်အတိုင်း ရောင်းချလျက်ရှိသည်။