တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ လုံခြံုရေးများ တိုးမြှင့်ထားသော်လည်း ဇူလိုင် ၁ ရက်နေ့ ညပိုင်းတွင် မီးလောင်မှုတခု ထပ်မံ ဖြစ်ပွားခဲ့သည်။
“ည ၉ နာရီလောက်မှာ ဒွါရာဝတီမြို့သစ် (ခ)ရပ်ကွက်၊ ၄ လမ်းက ဦးသန်းလွင် ဆိုသူရဲ့ နေအိမ် မီးလောင် ခဲ့တာ ဖြစ်တယ်။ အိမ်တွင်းပစ္စည်းတွေနဲ့ မိသားစုတွေ အားလုံးကို သံတွဲမြို့ထဲက ဆွေမျိုးအိမ်တွေကို ကြိုတင် ပြောင်းရွှေ့ထားတာကြောင့် အိမ်ကလွဲလို့ ဘာမှ မီးထဲ ပါမသွားဘူး။ အဲဒီတအိမ်ပဲ မီးထဲ ပါသွားတာပါ။ ညမထွက်ရ အမိန့် ထုတ်ထားပြီးတော့ လုံခြံုရေးတွေ ရှိနေတဲ့ကြား ဒီလို မီးလောင်တယ်ဆိုတော့ အားလုံးက အံ့အားသင့်နေကြတယ်” ဟု သံတွဲ လူမှုကွန်ယက်မှ ဦးမြင့်မိုး က မဇ္စျိမကို ပြောသည်။
လက်ရှိမြို့လုံခြံုရေးအနေအထားမှာ ပုံမှန်ရှိသော်လည်း “တဖက်နဲ့တဖက် တင်းမာနေသေးတော့ နေ့ဘက်မှာ ငြိမ်နေပေမယ့် ညဘက် စိတ်မချရသေးဘူး။ ဒါကြောင့် ညဘက်မှာ နှစ်ဖက်လုံးက ကင်းစောင့်နေရတယ်” ဟု ဦးမြင့်မိုး က ဆက်ပြောသည်။
ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စည်ပင်ဝန်ကြီး ဦးလှဟန် တို့လည်း သံတွဲမြို့သို့ ရောက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
သံတွဲ ပဋိပက္ခဖြစ်စဉ်နှစ့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သံတွဲခရိုင် ကော်မတီဝင် ဦးကျော်လင်း က “အဖြစ်အပျက်တွေကို ကြည့်ရင် တရားဥပဒေ စိုးမိုးမှု မရှိတာကို မြင်နေရတယ်။ အစောပိုင်း
ကောလာဟလ ထွက်လာကတည်းက အချိန်မီ ဖြစ်ရပ်မှန်ကို ထုတ်ပြန်ပြီးတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့မယ်၊ လုံလောက်တဲ့ လုံခြံုရေး အစီအမံတွေ လုပ်ဆောင်ပေးခဲ့ရင် ဒီလိုအကြမ်းဖက်မှုမျိုး
ပေါ်ပေါက်လာမှာ မဟုတ်ဘူး”ဟု သုံးသပ် ပြောဆိုသည်။
ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး အတွင်းရေးမှူးကမူ “သံတွဲ ကိစ္စဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပါပဲ။ တည်ငြိမ်နေတဲ့ အခြေအနေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားတယ်။ တာဝန်ရှိသူတွေအားလုံးက သတိရှိရှိ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု ဇူလိုင်လ ၁ ရက်နေ့က ပြောဆိုထားသည်။
ပိတ်ထားခဲ့ရသော မူဆလင် ဘာသာဝင်များ၏ စျေးဆိုင်ခန်းတချို့ ယနေ့ ပြန်လည်ဖွင့်လှစ် ရောင်းချနေ ကြကြီး စျေးသွားစျေးလာများဖြင့် အေးချမ်းတည်ငြိမ်လျက် ရှိကြောင်း ဒေသခံတို့က ဆိုသည်။
သို့သော် တောင်ကုတ်-သံတွဲကားလမ်းကိုမူ အရေးပေါ်ကိစ္စမှလွဲ၍ သွားလာခွင့် မပြုသေးကြောင်း သိရသည်။
တောင်ကုတ်မြို့မှ ရခိုင်အမျိုးသမီးငယ်တဦး အဓမ္မ ပြုကျင့်ခံရသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သံတွဲမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွားလာ၍ ဇွန်လ ၃၀ ရက်နေ့တွင် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခဲ့ သည်။