သံတွဲတွင် မီးရှို့မှုများဖြစ်ပေါ်၊ ညမထွက်ရအမိန့် ချက်ချင်းထုတ်ပြန်

သံတွဲတွင် မီးရှို့မှုများဖြစ်ပေါ်၊ ညမထွက်ရအမိန့် ချက်ချင်းထုတ်ပြန်
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဇွန်လ ၃ဝ ရက်က ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ တို့ အချင်းများမှုဖြစ်ပွားပြီး အံတော်(မြို့သစ်) (ခေါ်) အံတော်ကွက်သစ်တွင် မီးရှို့မှုများ ပေါ်ပေါက်ခဲ့ကာ ညမထွက်ရအမိန့် ချက်ချင်း ထုတ်ပြန်လိုက်သည်ဟု သံတွဲဒေသခံ များက ပြောသည်။

''ကုန်ပြီဗျ၊ အခု ကွက်သစ်ဘောလုံးကွင်း နားမှာရှိတဲ့ မူဆလင်သုံးအိမ် မီးရှို့နေကြပြီ၊ အံတော်ရွာထဲဘက်မှာတော့ ကုလားစုကို မီးရှို့နေကြပြီ''ဟု အံတော်ရွာ ဒေသခံတစ်ဦး က ဆိုသည်။

မဇ္ဈိမက သတင်းရယူသည့် ညပိုင်း ၉း၃ဝ အထိ အံတော်ကွက်သစ်တွင် မူဆလင် အိမ် သုံးအိမ်ကျော်ခန့် မီးရှို့ ခံထားရပြီး အံတော်ရွာထဲ (အံတော်ရွာဟောင်း) တွင်မူ ကုလားစုဟုခေါ်သည့် မူဆလင်အိမ်များလည်း မီးရှို့ ခံထားရသည်ဟု အံတော်ရွာ ဒေသခံတို့က ပြောသည်။ မီးရှို့မှုဖြစ်နေစဉ် လုံခြံုရေးများမှာ မြို့တွင်းတွင်သာ ရှိနေပြီး အံတော်ရှိနေအိမ်များမီးလောင်မှုကို မထိန်းသိမ်းနိုင်ဘဲ မြို့တွင်းပိုင်းတွင်သာ ရှိနေခဲ့သည်ဟု မြို့ခံများ က ပြောကြသည်။

မြို့တွင်းတွင် တုတ်၊ ဓါးများ ကိုင် ဆောင်ထားသည့် လူများ ဆိုင်ကယ်များဖြင့် သွားလာနေပြီး မြို့တော်ခန်းမ တွင် တာဝန်ကျ လုံခြံုရေးအနည်းငယ်သာတွေ့ရပြီး လုံခြံုရေးအားနည်းနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

ဇွန်လ ၃ဝ ရက် အချင်းများမှုတွင် မည်သည်ကအစပြုသည်ကို အတည်ပြုနိုင် ခြင်းမရှိသေးဘဲ အသက် မပြည့်သေးသည့် ရခိုင်အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရခြင်းကြောင့်ဟု ကောလာဟလများ ထွက်ပေါ်နေသည် ဟု ဒေသခံတို့က ပြောသည်။

အခြားတစ်ဖက်တွင်မူ သံတွဲ-တောင်ကုတ် အဝေးပြေးကားဝင်းအတွင်း သုံးဘီး ဆိုင်ကယ်များက ခရီးသည် လုကြရာမှတစ် ဆင့် ရခိုင်အမျိုးသမီးငယ်တစ်ဦးကို ရမ်းကားသည့်သဖွယ်ဖြစ်သွားကာ သုံးဘီးဆိုင်ကယ်
မောင်းသူ မူဆလင်လူငယ်များနှင့် ရခိုင်လူ ငယ်များ အချင်းများကြရာမှ စတင်ဖြစ်ပွားခြင်းဟုလည်း ဆိုကြသည်။ ဤ ကောလာဟလနှစ်ခုစလုံးကို မဇ္ဈိမက အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။

''ကောင်မလေးက မြံုပြင်ကျေးရွာကပါ၊ ပြဿနာဖြစ်တဲ့ မူဆလင်ကောင်လေးကတော့ (သံတွဲမြို့) မူဆလင် ရပ်ကွက်ထဲကပေါ့၊ သူတို့ ခရီးသည်လုရင်း စဖြစ်ကြတာ'' ဟု မြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ အချင်းများ မှုဖြစ် ပွားပြီးနောက် အမျိုးသမီးငယ်မှာ မည် သည့်နေရာတွင် ရောက်ရှိနေသည်ကို မဇ္စျိမက အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

သံတွဲမြို့ပေါ်တွင် မူဆလင်ဦးရေနှင့် ရခိုင်လူမျိုးဦးရေမှာ ငါးဆယ်ရခိုင်နှုန်းစီရှိ ကြပြီး မီးရှို့မှုများဖြစ်ပေါ်ခဲ့သည့် အံတော် မြို့သစ်ဘက်တွင် မူဆလင်ဦးရေ အနည်းအကျဉ်းသာနေထိုင်ပြီး မြို့တွင်းတွင် နေထိုင်သည့် မူဆလင်ဦးရေမှာ ပို၍များပြားသည်။

ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းသည် ၂ဝ၁၂ ခုနှစ် ဇွန်လပိုင်းက ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာတွင် မူဆလင် သုံးဦး က ရခိုင်အမျိုးသမီးငယ် မသီတာထွေးကို အဓမ္မပြုကျင့်ခံရရာမှတစ်ဆင့် စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လတွင် ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့ကာ ပဋိပက္ခကို စတင်မီးမွှေးသူများကို အရေးယူမည်ဟု အစိုးရက ကြေညာထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ယနေ့ချိန်ထိ ပြီးပြတ်သေးခြင်းမရှိပေ။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများသည် ၂ဝ၁၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပဋိပက္ခ များဖြစ်ပေါ်ခြင်းကြောင့် ရခိုင်ပြည်နယ် သံတွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့များတွင် ညမထွက် ရအမိန့်များ ထုတ်ပြန်ခဲ့ရသေးသည်။

Most read this week