မူးယစ်ဆေးတိုက်ဖျက်ရေး စီမံချက် ငါးနှစ်ထပ်တိုး

မူးယစ်ဆေးတိုက်ဖျက်ရေး စီမံချက် ငါးနှစ်ထပ်တိုး
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အထူးတိုက်ဖျက်ရေးစီမံချက်ကို သက်တမ်း ငါးနှစ်တိုးမြှင့်၍ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဗဟိုဌာနမှ ဒုရဲမှူး ဦးတေင်အောင်က ဇွန် ၂၅ ရက်တွင် ပြောကြားသည်။

Destruction-Ceremony-of-Seized-Narcotic-Drugs

မြန်မာနိုင်ငံတွင် ၁၉၉၉-၂ဝဝဝ ခုနှစ်မှစ၍ ၂ဝ၁၃-၂ဝ၁၄ အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ၁၅ နှစ် စီမံကိန်းဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာမှ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နောက်ထပ် ငါးနှစ် သက်တမ်းတိုးမြှင့်ပြီး ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အထိ ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်ရောင်းချရမှုများအား ဖမ်းဆီးအရေးယူမှုများကိုမြန်မာနိုင်ငံ အနှံ့အပြားတွင် တင်းကျပ်စွာ နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ဘိန်းစိုက်ပျိုး ထုတ် လုပ်မှု၊ မူးယစ်ဆေးဝါး ရောက်ဝယ် ဖောက်ကားမှုများမှာ လျော့နည်းသွားခဲ့ခြင်း မရှိသေးဟုလည်း ဦးတင်အောင် က ပြောသည်။

'ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ လျော့ကျဖို့ နိုင်ငံတကာ အကူအညီတွေ လိုပါတယ်။ ဘိန်းစိုက် တောင်သူတွေ ကလည်း ပူးပေါင်းပါဝင်နိုင်မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ လျော့ကျ သွားနိုင်မယ်လို့ထင် တယ်'' ဟု ဆိုသည်။

ရန်ကုန် အနောက်ပိုင်း မူးယစ်အထူးဖွဲ့မှ ရဲမှူးဦးခင်မောင်သိန်းကလည်း ''ကမ္ဘာမှာ ဘိန်းစျေးကွက်က မြင့်တက် လာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာလည်း ဘိန်းစိုက်ပျိုးမှုတွေ ရှိနေကြတာဖြစ်တယ်'' ဟု ပြောသည်။

ယင်းအပြင် ဇွန် ၂၅ တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးပွဲများ ကျင်းပခဲ့သည်။

တောင်ကြီးတွင်လည်း မီးရှို့ဖျက်ဆီး တောင်ကြီးမြို့တွင် မီးရှို့ဖျက်စီးသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း များ စုစုပေါင်း တန်ဖိုးငွေ ပမာဏာ အမေရိကန် ဒေါ်လာ ၆၄ သန်းကျော်ဖိုး ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ၂ဝ၁၃ ဇန်နဝါရီလမှ ဇွန် ၂၂ ရက်ထိ ဖမ်းဆီးရရှိမိသော ပမာဏဖြစ်ကြောင်း ရှမ်းပြည်နယ် မူးယစ်ကြီးကြပ် အဖွဲ့မှ ဒုရဲမှူး စောလေးဝါးက မဇ္စျိမကို ပြောဆိုသည်။

တောင်ကြီးတွင် မီးရှို့ဖျက်စီးသည်မှာ နဝမအကြိမ်မြောက် ဖြစ်သည်။ ဖမ်းဆီးမှု အနေဖြင့် ၂ဝ၁၂ ခုနှစ်မှာ ဘိန်းစိမ်း (၁၄၇ဝ) ကီလို၊ ဘိန်းဖြူ (၃၃၅) ကီလို၊ ဘိန်းညို (၄၅) ကီလို၊ စိတ်ကြွဆေးပြား ၁၈ သန်းကျော်၊
ဆေးခြောက် (၈ဝ) ကီလို၊ ဘိန်းစာမှုန့် (၃၃ဝ) ကီလို၊ အိုက်စ် (၁၅၂) ကီလို ၊အက်ဖီဒရင်း (၃၅၈) ကီလိုနှင့် ဆူဒို အက်ဖီဒရင်း (၆၉၄၆) ကီလို ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ် ဖွဲ့မှူးကြီး ဝင်းထွန်းက ပြောသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု စာရင်းများမှာ ဘိန်းဖြူ ဝ၃ဒသမဝ၅၅ ကီလိုဂရမ်၊ ဆေးခြောက် ၁၇ ဒသမ၂ ကလီဂိုရမ်၊ စိတ်ကြွဆေးပြား ၈၄ဝဝဝ ဘိန်းစာမှုန့် ၁၂၇၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် ရန်ကုန်တွင် ပြုလုပ်သည့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု့ တိုက်ဖျက်ရေးနေ့ အခမ်းနားတွင် ထုတ်ပြန်ကြေညာခဲ့သည်။