လစ်လပ်မဲဆန္ဒနယ် ၁၅ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် အောက်လွှတ်တော် အမတ်နှစ်ဦးက ဇွန် ၂၆ ရက် လွှတ်တော်တွင် တောင်းဆိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ငြင်းပယ်လိုက်သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မပေးနိုင်ခြင်းဖြစ်သည်ဟု အကြောင်းပြသည်။
လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ပေးရေးကို ပုသိမ်မဲဆန္ဒနယ်မှ အမတ် ဦးဝင်းမြင့် နှင့် ကလွှတ်တော်တွင် အရေးဆိုခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် အချိန်သတ်မှတ်ပေးရေးကို မြေပုံမဲဆန္ဒနယ်မှ လွတ်တော်အမတ် ဦးဖေသန်း က မေးခွန်းထုတ်ပြီး အရေးဆိုခဲ့ကြခြင်း ဖြစ်သည်။
လစ်လပ်နေသော မဲဆန္ဒနယ်များတွင် ဒေသဖွ့ံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ဆန္ဒကို ဖော်ဆောင်ပေးမည့်သူများ မရှိသည်ကို တွေ့ရကြောင်း ပုသိမ် အမတ် ဦးဝင်းမြင့်က အမတ်များကို ရှင်းပြခဲ့သည်။
မြေပုံမြို့နယ်မှ လွှတ်တော်အမတ် ဦးဖေသန်းကလည်း အမတ်များလစ်လပ် နေသည့် ဒေသများကို ''ဒီလို အကြာကြီးလျစ်လျူရှုထားခြင်းအားဖြင့် ဖွံ့ဖြိုးတိုး တက်ရေး နဲ့ အစစအရာရာ နစ်နာဆုံးရှုံး တယ်ဆိုတာ ပြောလိုပါတယ်'' ဟု လွှတ်တော်တွင် ထောက်ပြခဲ့သည်။
လက်ရှိတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၅ ခု ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ဒီမိုကရေစီနိုင်ငံရေးစနစ်သို့ အသွင် ပြောင်းသည့် ပထမဆုံးရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင် ဦးစီးကျင်းပ ပေးခဲ့ပြီး ထိုစဉ်က ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းနှင့်ပြည် နယ်လွတ်တော်များအတွက် မဲဆန္ဒနယ် ၁၁၅၄ ခု၌ ရွေးကောက်ပွဲ ကျင်းပ ခဲ့သည်။
ထိုရွေးကောက်ပွဲပြီးနောက် တစ်နှစ်ခွဲခန့် အကြာတွင် လစ်လစ်မဲဆန္ဒနယ် ၄၅ ခု၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရခဲ့သည်။