နိုင်ငံအသီးသီးတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့်ပတ်သက်သော စိန်ခေါ်မှုများနှင့် သတင်းရယူနေရမှုများ ကို ဆွေးနွေးဖလှယ်ရန် အမေရိကန်အပါအဝင်၊ အာရှ၊ ပစိဖိတ်ဒေသများမှာ ဂျာနယ်လစ် ၃ဝဝ တို့ပါဝင်သောနိုင်ငံတကာ မီဒီယာညီလာခံကို ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်သည်။
အဆိုပါ မီဒီယာညီလာခံကို ၂ဝ၁၄ ခုနှစ် မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။
ထိုညီလာခံတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံ မှ မီဒီယာကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မတ်လ ၁ဝ ရက်မှ ၁၂ ရက်အထိ သုံး ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။ ထိုညီလာခံကို အမေရိကန်နိုင်ငံ ဟာဝိုင်ရီပြည်နယ် ဟိုနိုလူလူမြို့ အခြေစိုက် East-West-Centre က ဦးစီးကျင်းပခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာ ရောက်ကျင်းပမည့် ညီလာခံတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ကာလတွင် သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နိုင်ငံ ၂၅ နိုင်ငံမှ လူ ၃ဝဝကျော်နှင့် မြန်မာဘာသာစကားဖြင့်ပင် ဆွေးနွေးဖလှယ်နိုင်မည်ဖြစ်ကြောင်း East-West-Centre က သတင်း ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်ထဲတွင် East-West-Centre ၏ ဥက္ကဋ္ဌ ချားလ်အီးမော ရစ်ဆင်က ''ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ တကာဂျာနယ်လစ်များကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်လာနိုင်ခြင်းသည် မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေသော အပြောင်း အလဲ၏ အား ကောင်းသော ညွှန်ပြမှုပင်ဖြစ်သည်''ဟု ပြောဆိုထားသည်။
၂ဝ၁၂ ခုနှစ်က တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် East-West-Centre က ကျင်းပသည့် မီဒီယာ ညီလာခံကို တက် ရောက်ခဲ့သော MJN (မြန်မာဂျာနယ်လစ် ကွန်ရက်) အဖွဲ့ဝင် သတင်းစာဆရာ ဦးမြင့်ကျော်က ''International နဲ့ ဆွေးနွေးဖို့ကို တကူးတက သွားရတာထက် အခုလို ၂၅ နိုင်ငံကလူတွေ မီဒီယာမှာ တကယ်စီမံ နေတဲ့၊ ရေးသားနေတဲ့ အဓိကကျတဲ့လူ တွေနဲ့ ညီလာခံမှာ တွေ့နိုင်မယ်။ ညီလာ ခံအထဲမှာရော အပြင်မှာရော ဆွေးနွေးနိုင်မယ်ဆိုတော့ ကောင်းတဲ့အခွင့်အရေးပါ'' ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ မီဒီယာညီလာခံအား တက် ရောက်ရန် မှတ်ပုံတင်ကြေး အမေရိကန် ဒေါ်လာ ၂၇၅ ပေးသွင်းရမည် ဖြစ်ပြီး အွန်လိုင်းစာရင်းပေးသွင်းမှုကို လာမည့် ဇူလိုင် လတွင် စတင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံက သတင်းသမားများ အတွက် ညီလာခံမှတ်ပုံတင်စရိတ်ဆုနှင့် အထူးနေ့ နှုန်းထားများလည်း စီစဉ်ထားသည်ဟု သိရသည်။
အမျိုးသားသတင်းဆု ရရှိထားသူ အကြီးတန်း သတင်းထောက်တစ်ဦးက ''မီဒီယာဖွံ့ဖြိုးရေးအတွက် ဆိုရင် အစ်မကတော့ လူငယ်သတင်းထောက်တွေ များများပြောနိုင်တဲ့ စကားဝိုင်းတွေပါရင် ကောင်းမယ်။'' ဟု သူ့အမြင်ကို ပြောသည်။
ဦးမြင့်ကျော်က ''လူငယ်သတင်း ထောက်တွေ ကိုယ်တိုင်ကလည်း ထုတ်ပြီး ပြောရမယ်။ အခုက ဘာသာစကား အ ခက်အခဲလည်းမရှိတော့ ကိုယ်တိုင်အား စိုက်ထုတ်ရမှာပေါ့။ ဝင်ကြေးအတွက် ကူညီပေးနိုင်တဲ့ မီဒီယာအဖွဲ့ အစည်းတွေက ကူညီတာမျိုး ရှိနိုင်မယ်ထင်ပါတယ်'' ဟု ပြောသည်။
East-West-Centre က မီဒီယာညီလာခံများကို နှစ်နှစ်တစ်ကြိမ် ကျင်းပနေပြီး ၂ဝ၁၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ၂ဝ၁ဝတွင် တရုတ်နိုင်ငံ ဟောင်ကောင်မြို့နှင့် ၂ဝဝ၈ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် ကျင်းပခဲ့သည်။