၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့နယ်သို့ ရောက်ရှိခိုလှုံနေထိုင်ကြသော အခြားမြို့နယ်များမှ မူဆလင် ဒုက္ခသည်များ မူလဒေသသို့ ပြန်ပို့ရန် အစီအစဉ်ကို ငြင်းဆန်နေ၍ ရခိုင် ပြည်နယ်အစိုးရအနေဖြင့် အခက်တွေ့နေရကြောင်း အစိုးရအဖွဲ့၊ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က မဇ္စျိမကို ပြောသည်။
ပဋိပက္ခဖြစ်စဉ်တွင် ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ်များမှ အိုးအိမ်မဲ့ မူဆလင် ဒုက္ခသည်များ စစ်တွေမြို့ဘက်သို့ ထွက်ပြေးရောက်ရှိလာကြပြီး သဲချောင်းရွာအနီး ဒုက္ခသည် စခန်းများတွင် ပြည်နယ်အစိုးရက ယာယီနေရာချထားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ပြည်နယ်အစိုးရက မိုးမကျမီ ဒုက္ခသည်များမိမိတို့ မူလနေထိုင်ရာ ဒေသမှာ အမိုးအကာ အောက်ရောက်ရှိရေးအတွက် နေအိမ်တွေ ဆောက်ပေးခဲ့တယ်။ ဒါကလည်း သူတို့တွေရဲ့ ဆန္ဒနဲ့
အညီ ပြန်လည်နေရာချ ထားဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်။ တကယ်တမ်း ပြန်ပို့မယ်ဆိုတော့ငြင်းဆန်နေကြပြန် တယ်။ အားလုံးပြင်ဆင်ထားပြီးမှ မသွားဘူး ငြင်းနေတော့ အခက်ကြံုရတာပေါ့ဗျာ” ဟု ဦးလှသိန်း က ဆိုသည်။
ထိုသို့ငြင်းဆန်မှု ဖြစ်ပွားခဲ့ခြင်းမှာ ဇွန်လ လဆန်းပိုင်းက ပေါက်တောမြို့နယ်မှ ဒုက္ခသည်များအား နေရင်းအရပ်သို့ပြန်ပို့စဉ်က ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ရခိုင်နှင့် မူဆလင် နှစ်ဖက် ဒုက္ခသည်များအတွက် တဲအိမ်ကြီးများ နောက်ထပ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကာ စစ်တွေတွင် ၆၂၇ လုံး၊ ပေါက်တောတွင် ၄၆၉လုံး၊ ရသေ့တောင်တွင် ၆၄ လုံး၊ ကျောက် တော်တွင် ၁၁၁ လုံး၊မြောက်ဦးတွင် ရ၂ လုံး၊ မင်းပြားတွင် ၈၄ လုံး၊ မြေပုံတွင် ၉၅ လုံး၊ ကျောက်ဖြူတွင် ရ၁ လုံး၊ ရမ်းဗြဲတွင် ၁၂ လုံး ဆောက်လုပ်နေပြီး ဇွန်လအတွင်း အပြီး ဆောက်လုပ် သွားမည်ဟု ပြည်နယ်အစိုးရက ဇွန်လ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
“ထပ်မံဆောက်လုပ်မှုအတွက် ကျပ်သန်းပေါင်း ၄၉၀၀၀ ကုန်ကျပါတယ်။ ဒီဆောက်လုပ်မှုတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ WFP၊ UNHCR တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါ့ပြင် UNHCR က စစ်တွေ စက်ရုံစုရှိ ရခိုင်ဒုက္ခသည်များအတွက် အိမ်သာ ၂၂ လုံးကိုလည်း ဆောက်လုပ်ပေးခဲ့ပါတယ်” ဟု ဦးလှသိန်းက ရှင်းလင်းပြောပြသည်။