မြန်မာနိုင်ငံပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (အိုင်အယ်လ်အို) မှ ချမှတ်ထားသည့် ကျန်ရှိနေသေးသည့် တားမြစ်ကန့်သတ်ချက်များ အားလုံးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ် နေသည့် ၁ဝ၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ အစည်းအဝေးဆုံးဖြတ်ချက် အရ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ယင်းအစည်းအဝေးကို ဇွန်လ ၅ ရက်မှ ၂ဝ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်များအရ ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ပုံစံမျိုးစုံဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက်ကို လူမှုရေးမိတ်ဖက် များနှင့်အတူ ဆက်လက်အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် အိုင်အယ်လ်အိုရုံးတို့ကို မေတ္တာရပ်ခံ ထားသည်ဟူသော အချက်လည်း ပါဝင်သည်။
မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုပပျောက်ရေးနှင့် လူမှုရေးညီညွတ်မျှတမှုဖြစ်ထွန်းရန် လိုအပ်သောငွေကြေး အထောက်အပံ့နှင့် အကူအညီများကို အလုပ်သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသော အိုင်အယ်လ်အို အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာအစိုးရသို့ ကူညီကြရန်ညီလာခံ၏ ဆုံးဖြတ်ချက်တွင် ပါဝင်သည်။
အဓမ္မစေခိုင်းမှု ပပျောက်ရေးနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနဘက်မှ စက်ရုံပိုင်ရှင်များသို့ အသိပညာပေးခြင်းကို
ဆောင်ရွက်နေသော်လည်း လုပ်ငန်းရှင်များဘက်မှ လိုက်နာမှု လျော့နည်းနေသဖြင့် စက်မှုဇုန်များတွင် သတ်မှတ်ချိန်ထက် လုပ်အားစေခိုင်းခြင်းများ ရှိနေဆဲဖြစ်သည်ဟု အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေး ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
၎င်းက ''အချိန်ပို လုပ်အားစေခိုင်းရင် ခွင့်ပြုချက်လာတင်ရမယ်လို့ ညွှန်ကြားထားတယ်၊ တချို့စက်ရုံတွေက ခွင့်ပြုချက်လာ မယူဘဲ အလုပ်ရှင်၊ အလုပ်သမား နားလည်မှုနဲ့ စက်ရုံမှာ အချိန်ပိုတွေ အလုပ်လုပ်ကြတယ်၊ ထိုက်သင့်တဲ့ခံစားခွင့် မရတော့မှ အလုပ်ရှင်၊ အလုပ်သမားကြား ပြဿနာတွေ ဖြစ်ပေါ်လာတယ်'' ဟုလည်း
ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြောသည်။
ယင်းသို့ တားမြစ်ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ပိုမို ပြုလုပ်လာနိုင်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင်လာစေမည်ဖြစ်သည်။
အိုင်အယ်လ်အိုအဖွဲ့ကြီးမှ တိုက်တွန်းထားသည့် လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို မြန်မာအစိုးရမှ ထိရောက်စွာ ဆောင်ရွက်ပေးရန် လိုအပ်နေသေးသည်ဟုလည်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ အဖွဲ့မှ ကိုညီညီဇော်ကပြောသည်။
၎င်းက ''စက်ရုံတွေမှာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရှိတယ်လို့ ဥပဒေတွေမှာ အတိအလင်း
ပြဌာန်းထားတယ်၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို အလုပ်ရှင်တွေက နည်းမျိုးစုံနဲ့ အလုပ်ဖြုတ် ပစ်နေတုန်းပဲ၊ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်တွေဘက်က လိုက်နာမှု နည်းနေတယ်'' ဟု ဆိုသည်။
ယင်းသို့ ကန့်သတ်ချက်များကို ရုပ်သိမ်း ပေးခဲ့သဖြင့် မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာ ကဏ္ဍများအတွက် အိုင်အယ်လ်အို အဖွဲ့ကြိီးမှ ပံ့ပိုးကူညီမှု အလားအလာများအားကောငး် လာနိုင်သဖြင့် အိုင်အယ်လ်အို၏ တိုက်တွန်းချက်များကို မြန်မာနိုင်ငံ အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားများ ပူးပေါင်း၍ လိုက်နာရန် လိုအပ် သည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးခွဲ(၂) တာဝန်ခံ ဦးအေးသိန်းကပြောသည်။
၎င်းက ''အလုပ်သမားရေးရာ ကိစ္စတွေကို အထူးစောင့်ကြည့်အဆင့်ကနေ အိုင်အယ်လ်အိုအဖွဲ့ကြီးက သာမာန်အဆင့်ကိုရုပ်သိမ်းဖြေလျော့ပေးခဲ့တယ်။ မြန်မာနိုင်ငံက အလုပ်ရှင်၊ အလုပ်သမားရေးရာ သင်တန်း တွေ အိုင်အယ်လ်အိုအဖွဲ့က ပံ့ပိုးပေးဖို့ အလားအလာကောင်းတွေ ရှိလာနိုင်တယ်'' ဟု ပြောသည်။
ယင်းသို့ ကန့်သတ်ချက်များ ဖြေလျော့လိုက်ခြင်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်လာရန် အာမခံ ချက် ပေးသကဲ့သို့ဖြစ်ပြီး ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့်လည်း အပြိုင်အဆိုင် လုပ်ငန်းဆောင်ရွက် လာနိုင်ပြီး အလုပ်သမားများ အလုပ်အကိုင်ရရှိနိုင်မှုမြင့်မားလာမည်ဟုလည်း ပြည်တွင်းရှိ Lucky Bag ပလတ်စတစ် စက်ရုံပိုင်ရှင် ဦးလှဝင်းက ပြောသည်။
၎င်းက ''အိုင်အယ်လ်အိုက ထပ်ပြီးတားမြစ်ချက်တွေ ဖြေလျော့ပေးလိုက်တော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့မှာ၊ ဒီအချက်က အလုပ်သမားတွေအတွက်လဲ အလုပ် အကိုင် အခွင့်အလမ်းတွေ ရလာနိုင် သလို ပြည်တွင်းလုပ်ငန်းရှင်တွေလဲ အပြိုင်အဆိုင် လုပ်ငန်းတွေ တိုးတက်ဆောင်ရွက်လာမှာပါ၊ အထူးသဖြင့် အလုပ်သမားလိုအပ်ချက်တွေ မြင့်လာပြီး ပြည်တွင်းကအလုပ်သမားတွေ လစာကောင်းတွေနဲ့ ရပ်တည်လာနိုင် ပါလိမ့်မယ်'' ဟု ဆိုသည်။