ပျက်စီး ထားဝယ်ကားဝင်း မပြုပြင်နိုင်သေး

ပျက်စီး ထားဝယ်ကားဝင်း မပြုပြင်နိုင်သေး
by -
မဇ္စျိမ

ထားဝယ်အဝေးပြေးကားဝင်း၏ အစိတ်အပိုင်းတချို့ ပျက်စီးယိုယွင်းစပြုနေသော်လည်း လက်ရှိတွင်ပြုပြင်ရန် အစီအစဉ် မရှိသေးကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ချိုင့်ခွက်ပေါများသော ထားဝယ်အဝေးပြေးကားဝင်းကို ပြုပြင်ရန် ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ ဆန္ဒရှိနေသည်။ (ဓာတ်ပုံ -Dawei Watch ၊ မဇ္ဈိမ)

အဆိုပါ အဝေးပြေးကားဝင်းတွင် လုပ်ကိုင်လျက်ရှိကြသော ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များက ပြုပြင်ရန်လိုလားလျက်ရှိသော်လည်း ကွင်းပြုပြင်ရန်အတွက် မည်သည့်ဌာနကို ပြောရမည်ကို မသိဖြစ်နေကြောင်း မော်တော်ယာဉ် အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းကိစ္စအတွက် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနကို မေးမြန်းရာ ခရိုင်အုပ်ချူပ်ရေးရုံးကို မေးရန် ပြန်လည်ပြောကြားသည်။

''လောလောဆယ်တော့ ပြင်ဖို့ အစီအစဉ် မရှိသေးပါဘူး။ အဖွဲ့တွေ ဖွဲ့ပြီး ပြန်စစ်ရဦးမယ်'' ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ဆိုသည်။

အဝေးပြေးဝင်းအတွင်းဝင်ရောက် အခ ကြေး ပုံမှန်ကောက်ခံလျက်ရှိသော်လည်း ဝင်းကို ပြုပြင်ခြင်းမရှိကြောင်း သဇင်ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ခံတစ်ဦးက ဆိုသည်။

အဝေးပြေးဝင်းသည် ခရီးသည်များ ပထမဆုံး ခြေချရာနေရာဖြစ်သည့်အတွက် အဝေးပြေးဝင်းကို သန့်ရှင်း သပ်ရပ်စေရန် သက်ဆိုင်ရာဌာနများမှ လုပ်ဆောင်ပေးသင့်ပြီး မြို့၏အင်္ဂါရပ်ကို အဝေးပြေးဝင်းမှ စတင်ဖော်ပြနိုင်ကြောင်း ခရီးသည်တင်ပို့ ဆောင်ရေးလုပ်ငန်းတစ်ခုမှ ကားပိုင်ရှင်တစ်ဦးက ပြောသည်။

''ချိုင့်တွေများလို့ ခရီးသည်တွေ၊ ကုန်တွေပါတဲ့ကားတွေအနေနဲ့ ဂိတ်ထဲဝင်ရတာ ခက်တယ်'' ဟု သဇင်ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ခံက ၎င်းတို့၏ အခက်အခဲကို ဖွင့်ဟသည်။

ဝင်းသန့်ရှင်းရေးအတွက် စည်ပင်သာယာဌာနမှ တစ်ခါတစ်လေမှသာ သန့်ရှင်းရေးလာရောက် လုပ်ဆောင်လေ့ရှိပြီး ခရိုင်မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ချိုင့်ခွက်အနည်းအကျဉ်းကို လာရာက် ဖာထေးပေးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

ထားဝယ်အဝေးပြေးကားဝင်းကို ၁၉၉၈ ခုနှစ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်သာယာ ဌာနနှင့် ကားပိုင်ရှင်များမှ စတင်တည်ဆောက်ခဲ့သည်။