ကရင်တစ်မျိုးသားလုံး မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ကော်မတီဖွဲ့ ဆောင်ရွက်မှု စတင်

ကရင်တစ်မျိုးသားလုံး မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ကော်မတီဖွဲ့ ဆောင်ရွက်မှု စတင်
by -
မဇ္စျိမ

ကရင်တစ်မျိုးသားလုံး မူးယစ်ဆေးဝါး ကင်းစင်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား အဖွဲ့အစည်းများစုပေါင်းကာ ကော်မတီဖွဲ့၍ စတင်လုပ်ဆောင်တော့မည်ဟု ဒီမို ကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ကော့ကရိတ်နယ်မှ အခြေကျ စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောစန်းအောင်က မဇ္စျိမသို့ ပြောသည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းကို ယခုလအတွင်း စတင်မည်ဖြစ်ပြီး ကရင်တမျိုးသားလုံးကြားတွင် နယ်မြေအနှံ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ ပေါင်းစည်းထားသည့် အဖွဲ့အစည်းများအကြား မူးယစ်ဆေးဝါး ရှိနေသည့် နယ်မြေများတွင် လိုက်လံ စစ်ဆေးချေမှုန်းရန်လည်း အစီအစဉ်များ ပူးပေါင်းရေး ဆွဲထားသည်ဟုလည်း ၎င်းက ဆိုသည်။

''ဟိုတစ်ခေါက်ကဆိုရင် အစိုးရဘက်က ဓါတ်ပုံတွေ ဘာတွေနဲ့ ဖမ်းခံရတာတွေတောင် ပြထားတယ်။ ဖမ်းဆီးတာတို့ ဘာတို့လည်း ဒီနယ်တစ်ဝိုက်မှာ ရှိလာပြီ။ အခုဆိုရင်ကျောင်းသူ၊ ကျောင်းသားတွေလည်း သုံးစွဲနေတယ်။ ရွာတွေမှာလည်း သုံးနေတယ်လို့ ကြားရ တယ်'' ဟု ဆိုသည်။

ယင်းသို့ ဆောင်ရွက်ရန်မှာ ကော်မတီ တစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍ မရဘဲ လူထုကလည်း ပါဝင်ကူညီရန် လိုပြီး ရပ်ရွာမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုသည်ဟု ဗိုလ်မှူးကြီးက ဆိုသည်။

ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNU/KNLA) ငြိမ်းချမ်းရေး ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီး စော တိုက် ဂါးက မူးယစ်ဆေးဝါးအတွက် အဖွဲ့အစည်းက နောက်ခံရှိသည် ဆိုသည်မှာလည်း မဟုတ်ဟု ဆိုသည်။

၎င်းက ''စစ်အစိုးရက မူးယစ်ဆေးဝါး ပျောက်ကွယ်ဖို့ သူ့မှာ ခိုင်လုံတဲ့ ဆုံးဖြတ်ချက် ဘာမှ မချနိုင်ဘူး။ အဲ့တာကြောင့် ကျွန်တော်တို့  တိုင်းရင်းသားတွေ ပျောက်ကွယ်သွားအောင် ပျောက်ပျက်သွားအောင် မူး ယစ်ဆေးနဲ့ တိုက်နေတာလို့ ကျွန်တော်တော့ ထင်တယ်။ တိုင်းရင်းသားဆိုတဲ့ အထဲမှာ ပြည်တွင်းက ကျန်တဲ့ တိုင်းရင်းသား တွေလည်း ပါပါတယ်'' ဟု ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အဖြစ် ကရင်ပြည်နယ်တွင်းရှိ KNU /DKBA ၊ နယ်ခြားစောင့်တပ်၊ ဘုရားကုန်း ဗိုလ်ချုပ်အောင်ဆန်းအဖွဲ့နှင့် ငြိမ်းချမ်းရေးကောင်စီတို့ ပူးပေါင်းကာ မေလ ၂၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း အစိုးရအား အကြောင်းကြားပြီးသား ဖြစ်သည်ဟုသိရသည်။ လုပ်ငန်း အစီအစဉ်များအား ကရင်ပြည်နယ်တစ်ခုတည်းတွင်လုပ်ဆောင်မည် မဟုတ်ဘဲ ကရင်လူမျိုးများရှိသည့် အခြားသောဒေသများသို့လည်း သွားရောက်ရန် စီစဉ်မှုများ ပြုလုပ်နေသည်။