လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူမှုများ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီ ရုံး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ အန်အယ်လ်ဒီ ပါတီဝင် လူငယ် ၁ဝဝကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပြီး မဟာအောင်မြေမြို့နယ် ဥက္ကဋ္ဌဦးသိန်းဦးက တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်၍ ပြောကြားရာတွင် ''ကျွန်တော်တို့မှာ တရား ဥပဒေစိုးမိုးရေး မရှိဘူး။ အဲလိုမရှိတော့ မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူတာတွေ ဖြစ်လာရတယ်။ မတရားတဲ့ ဥပဒေစိုးမိုးနေသလို ဖြစ်လာတယ်၊၊ ရခိုင်၊ မိတ္ထီလာ ဒီပဲရင်းကအစပဲ၊ ဒါတွေဟာ တရားဥပဒေစိုးမိုးရေး မရှိလို့ပဲ'' ဟု ဆွေးနွေးပွဲတွင် ပြောကြားသည်။
ဆွေးနွေးသည့် ဒုတိယအကြောင်းရပ်ဖြစ်သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် အန်အယ်လ်ဒီ အနေဖြင့် လုပ်ဆောင်နေကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် ပြင်ဆင်စရာများ၊ ဦးသိန်းဦးကပြောဆိုဆွေးနွေးခဲ့သည်။
၎င်းက ''၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနဲ့ ဒီမိုကရေစီသို့ သွား၍မရဘူး။ သွားလို့ရအောင် ၂ဝဝ၈ အခြေခံဥပဒေ ကိုပြင်ရပါမယ်။ လွှတ်တော်မှာလည်း တင်ပြီး ဆွေးနွေးနေပါ တယ်'' ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကိစ္စ၊ လာမည့် ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲ နှင့်ဆိုင်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးသွားခဲ့သည်။
မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဝင်းကလည်း ''ယခုလို ဆွေးနွေးပွဲများ မြို့နယ်တိုင်း လိုလို ပြုလုပ်သွားရန် စီစဉ်နေပြီး လုပ်ဆောင်ရသည့် ရည်ရွယ်ချက်မှာ ကျွမ်းကျင်သည့် မျိုးဆက်သစ် နိုင်ငံရေး သမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။