ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များနှင့် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများအတွက် တိုင်းရင်းသားဝန်ကြီးမှ တောင်းဆိုထားသည့် မြေဧက ၂ဝဝ ခန့်ကို မောတောင် အုပ်ချုပ်ရေးမှူးက ရောင်းချထားသည်ဟု စွပ်စွဲကာပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြတိုင်တန်းမည်ဟု တနင်္သာရီတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီက ဆိုသည်။
အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်ပြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်းရင်းသားရေးရာဝန်ကြီးက ဇွန်လ ၉ ရက်တွင် သွားရောက်စစ်ဆေးမေးမြန်းခဲ့ပြီး စစ်ဆေးမေးမြန်းမှုကို ဒေသခံများ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
''အဲဒီမြေကိစ္စကို ဝန်ကြီးချုပ်ကို တင်ပြပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနကို လွှဲပြောင်းပြီး ကိုင်တွယ်ခိုင်းမယ်'' ဟု ဦးစောဟာဗီက ဆိုသည်။
ဒုက္ခသည်များအတွက် လျာထားသည့် မြေနေရာကို သွားရောက်စစ်ဆေးရာ အကွက်ရိုက်ရောင်းချထားပြီး ဆောက်လက်စအိမ်များကိုလည်း တွေ့ရသည့်အတွက် ယင်းအိမ်များကို ဖျက်သိမ်းပေးရန် တိုင်းရင်းသား ဝန်ကြီးက တောင်းဆိုထားပြီး မောတောင် အုပ်ချုပ်ရေးမှူးကလည်း မြေယာများကို ပြန်လည်ရရှိအောင် ပြုလုပ်ပေး မည်ဟု ကတိပေးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင် မောတောင်ဒေသခံများက ၎င်းတို့ ကြံုတွေ့နေရသည့် မြေယာပြဿနာများ ကိုလည်း တင်ပြခဲ့သည်။
ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ထားသည့် နေရာဖြစ်ပြီ၊ ယခုနှစ် ပိုင်းအတွင်းမြေယာ စျေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လာသည့် ဒေသဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်ခန့်ကထိုင်းဘတ်ငွေသုံးသောင်းခန့် ပေါက်စျေးရှိ သည့် မြေကွက် များသည် လက်ရှိပေါက်စျေး ထိုင်းဘတ်ငွေ ၁ဝ သိန်းခန့်ရှိသည်ဟု ဒေသခံများက ဆိုသည်။
မြိတ်မြို့မှ ၁၂၅ မိုင်ကွာဝေးသည့် မောတောင်ကျေးရွာတွင် အိမ်ခြေ ၁,ဝဝဝ ကျော်ခန့်ရှိသည်။ ယခင်က ကေအင်န်ယူ စိုးမိုးသည့် ဒေသတစ်ခုဖြစ်ပြီး သိန်ခွန်း ထိုင်းလူမျိုးများ၊ ကရင်နှင့် ဗမာတိုင်းရင်းသား လူမျိုး အများစု နေထိုင်ကြသည်။