ကုလသမဂ္ဂ အဖွဲ့အစည်းများမှ လူသားချင်း စာနာထောက်ပံ့မှုများကို တရုတ် နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်းများသို့ ကူညီထောက်ပံ့နိုင်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
၂၀၁၃ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည်များအတွက် ပထမဆုံး အကြိမ် တရားဝင် သွားရောက်လှူဒါန်းနိုင်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က ပြောသည်။
“ခုလို နှစ်ဖက် သဘောတူရလို့ သွားလှူရတာ။ လောလောဆယ်မှာ ဒုက္ခရောက်နေတဲ့ နေရာမှာ အကူအညီ အရေးပေါ် လိုနေတယ်။ မိုးတွင်းကို ရောက်နေပြီ။ ခုလို သွားလှူနိုင်တာ ကိုက တော်တော်ကြီးကို ကောင်းတယ်။ ဆက်ပြီး သွားလှူနိုင်ဖို့ အရေးကြီးတယ်။ အခြေအနေ ပေးဖို့ အရေးကြီး တယ်” ဟု မဇ္စျိမကို ပြောသည်။
စားနပ်ရိက္ခာ၊ အိမ်ထောင်စု ပစ္စည်းများ၊ တကိုယ်ရည် သန့်ရှင်းမှု ပစ္စည်းများ သယ်ဆောင်လာသော ကား ၁၀ စီး ဗန်းမော်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က ရောက်ရှိနေပြီး မိုင်ဂျာယန်အတွင်းရှိ ဒုက္ခသည်ပေါင်း ၅,၁၀၀ ဦးအတွက် ထောက်ပံ့နေသည်ဟု ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရနှင့် KIO အကြား နှစ်ဖက်သဘောတူညီမှုဖြင့် ယခုကဲ့သို့ အကူအညီများ သွားရောက် လှူဒါန်းနိုင်ရခြင်းကို ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး အရှုတ်နီဂမ်း (Ashok Nigam) က ကြိုဆိုသည်ဟု ပြောဆိုကြောင်း ဦးအေးဝင်း က ပြောသည်။
သွားရောက်လှူဒါန်းသူများ ပြန်လာပါက အခြေအနေများ ပိုမိုသိရှိလာမည်ဖြစ်၍ အခြေအနေ ပေးပါက ဆက်လက် လှူဒါန်းသွားမည်ဟု ၎င်းက ဆိုသည်။
သောကြာနေ့တွင် မိုင်ဂျာယန်ရှိ ပါကထောင် ဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များအား ဝေခွဲပေးနေပြီး မနက်ဖြန်တွင်လည်း ဆက်လက် လှူဒါန်းသွားမည်ဟု ကုလသမဂ္ဂ အဖွဲ့သည့်အတူ လိုက်ပါသွားသူ KIO မှ ဒုက္ခသည်များကူညီရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဇော်ရော် က ပြောသည်။
“ဒီနေ့ ရောက်နေပြီ။ ဒီမှာက WFP နဲ့ UNHCR က ပစ္စည်းတွေ လှူဒါန်းနေတယ်။ စခန်းတိုင်း သွားလှူမယ်။ နောက် ဘော်ဒါကျောင်းသားတွေကို လည်း ပေးမယ်။ မနက်ဖြန် ဆက်လှူသွားပြီးတော့ သဘက်ခါ ပြန်မယ်လို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။
ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ထောက်ပံ့ပစ္စည်း သယ်ဆောင်လာသော ကား ရ စီးနှင့် ကုလသဂ္ဂ ဝန်ထမ်းများ ပါလာသော ကား ၄ စီးတွင် စုစုပေါင်း ၁၅ ဦးအနက် နိုင်ငံခြားသား ၂ ဦး ပါဝင်သည်ဟု ဆိုသည်။
ယခုတကြိမ် ကုလသမဂ္ဂ၏ ကူညီထောက်ပံ့မှုတွင် ဆန်တန်ချိန် ၆၅ ကျော် ပါဝင်ဖြင့် စခန်းအတွင်းရှိ ဒုက္ခသည်များ အတွက် တလစာ ဖူလုံနိုင်မည် ဖြစ်ပြီး အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးချက် ရလဒ်ဖြစ်မည်ဟု ယူဆကြောင်း ဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။
မေလ ၃၀ ရက်နေ့ အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေး သဘောတူညီချက်တွင် နယ်မြေလုံခြံုရေးအရ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးကိစ္စရပ်များ ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူခဲ့သည်။
လာမည့် ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ ဝန်ထမ်းများ ဗန်းမော်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် KIO တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် KIO ထိန်းချုပ်နယ်မြေတွင်းရှိ ဒုက္ခသည်များထံ ကုလသမဂ္ဂမှ ကူညီထောက်ပံ့မှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလဆန်းက တကြိမ်သာ ရောက်ရှိခဲ့ပြီး နောက်ပိုင်း အစိုးရ တားမြစ်ခဲ့၍ ရပ်ဆိုင်းသွားခဲ့သည်။