မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စိတ်ကြွဆေးပြား တစ်သောင်းကျော်နှင့် ၃၈ဝ ဂရမ် ဘိန်းဖြူတစ်တုံး ဇွန် ၁၂ ရက် နံနက် ၆ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ် ပြန်သည်။
မူးယစ်ဆေးဖမ်းဆီးရေး ရဲတပ်ဖွဲ့သည် ကြိုတင်သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်သပြေကုန်း ရပ်ကွက်ရှိ မင်္ဂလာစျေး မှတ်တိုင်အနီး၌ စောင့်ဆိုင်းခဲ့သဖြင့် ထိုသို့ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူဟု ရဲက ထုတ်ပြန်ထားသည်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မအုတ်ကွန်းဆိုသူ ဖြစ်သည်။
၎င်းသည် ကပ်ခွာပြားကို ဗိုက်တွင် ပတ်ထားပြီး စိတ်ကြွဆေးပြားများကို ထည့်သွင်းသယ်ဆောင်လာ ခြင်းဖြစ်ပြီး၊ ၉၉၉ စာတန်းပါ အလေးချိန် ၃၈ဝ ဂရမ်ရှိသည့် ဘိန်းဖြူ လေးထောင့်တုံး တစ်တုံးကိုလည်း ပလတ်စတစ် အကြည်ဖြင့် ထုတ်လျှက် သယ်ဆောင်လာကြောင်း ရဲဌာနက ထုတ်ပြန်သည်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူအဖြစ် ရဲက ထုတ်ပြန်ထားသည့် မအုတ်ကွန်းကို ဒုရဲအုပ် တင်မောင်စိုးက တရားလိုပြုလုပ် တိုင်တန်းထားပြီး မင်္ဂလာတောင်ညွန့် ရဲစခန်းက အမှုအမှတ်(ပ)၁၆/၂ဝ၁၃ ဖြင့် အမှုဖွင့် ထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေပုဒ်မ ၁၅/၁၉ (က)ဖြင့် တရားစွဲဆိုမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။
ထိုမှုယစ်ဆေး ဖမ်းဆီးရမိမှုအပြင် ဇွန် ၁၂ ရက် တစ်နေ့တည်းအတွင်း၌ပင် တာမွေမြို့နယ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၄ဝ ခန့် သယ်ဆောင်လာသူကို ရဲက ဖမ်းမိခဲ့သေးသည်ဟု တိုင်းရဲဌာနက ဆက်လက်သတင်း ထုတ်ပြန်ထားသည်။
၎င်းဆေးပြားများကို သယ်ဆောင်သူမှာ အသက် ၃၉ နှစ်အရွယ်ရှိ ကိုမြတ်မင်းဟိန်း (ခ)ကိုလေးဖြစ်ကြောင်း ရဲဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မူးယစ်ဆေးဝါး သယ်ဆောင်သူအဖြစ် ရဲက စွပ်စွဲထားသူကို ရဲအုပ် ဇော်ဇော်နိုင်က တရားလို ပြုလုပ်တိုင်တန်း ထားပြီး တာမွေ ရဲစခန်းက (ပ)၁၁/၁၃ ဖြင့် အမှုဖွင့်ထားကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပုဒ်မ ၁၅/၁၉(က)ဖြင့်ပင် တရားစွဲဆိုမည်ဟုလည်း သတင်းထုတ်ပြန်သည်။