ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်ကျင်းပသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ၏ ၁၅ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည်ကို ကန့်ကွက်ကြောင်း ဇွန်လ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ကြေညာချက်တွင် "လွှတ်တော်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR SYSTEM) ကျင့်သုံးခြင်း သည် ပြည်နယ်များရှိ တိုင်းရင်းသားပါတီများ၏ နိုင်ငံရေး ရှင်သန်တိုးတက်မှုအား ဟန့်တားရာရောက်သောကြောင့် ကန့်ကွက်သည်" ဟု ပါရှိသည်။
"ဖက်ဒရယ် ပြည်ထောင်စုပါတီဖွဲ့ရင် တိုင်းရင်းသားတွေအတွက် အလားအလာကောင်းလာနိုင်ပါတယ်၊ PR စနစ်နဲ့ပတ်သက်ရင် ပြည်နယ်အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ပြည်မအနေနဲ့ဆိုရင်တော့ ကစား ကွက်အဖြစ်ပဲ မြင်ပါတယ်" ဟု ချင်းအမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
ယင်းအပြင် အဆိုပါအစည်းအဝေးမှ ဖက်ဒရယ် ပြည်ထောင်စုပါတီသစ်ကို ဖွဲ့စည်းရန်လည်း သဘောတူ လိုက်သည်။ ယင်းအပြင် မတရားသင်းနှင့် သက်ဆိုင်သည့် ပုဒ်မများကို ဖျက်သိမ်းပေးရန်တို့ ပါဝင်သည့် အချက်ခြောက်ချက်ကို ထုတ်ပြန်ထားသည်။
"နိုင်ငံတော် သမ္မတကတောင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ကာလမှာ တိုင်းရင်းသားဒေသတွေမှာ ယခုလို ၁၇/၁ မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးနေတဲ့ ပုဒ်မတွေဆိုတာ မရှိသင့်တော့ပါဘူး" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ခိုင်ကောင်းစံက မဇ္စျိမကို ပြောသည်။
အချိုးကျကိုယ်စားပြုစနစ် (PR) မှာ ရွေးကောက်ပွဲ၌ မဲအများဆုံးရပါတီက အပြတ်အသတ် အနိုင်ရခြင်းမျိုး မဟုတ်ဘဲ ပါတီတစ်ခုချင်းစီ၏ မဲရရှိမှု အရေအတွက်ကိုလိုက်၍ အချိုးကျ ကိုယ်စားလှယ်လောင်းရရှိသည့် စနစ်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့က ဦးဆောင် အဆိုပြုနေကြခြင်း ဖြစ်သည်။
ဇွန်လ ၁၁ ရက်နှင့် ၁၇ ရက်နေ့များတွင် ပြုလုပ်သည့်အစည်းအဝေးသို့ ကယန်းအမျိုးသား ပါတီ၊ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ၊ ဖလုံ စဝေါ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ၊ ဝ ဒီမိုကရေစီ ပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ပါတီ၊ တအောင်း ပလောင်အမျိုးသား ပါတီ၊ အရှို ချင်းအမျိုးသား ပါတီ၊ တိုင်းလိုင်(ခ) ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးရေး ပါတီ၊ ချင်းအုပ်စု ပါတီ၊ ဝ အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီတို့မှ ပါတီဝင်အင်အား ၅ဝ ကျော် တက်ရောက်ခဲ့သည်။