မွန်ပြည်နယ်မှ မြေသိမ်းမှုများ စုံစမ်းရေးကော်မရှင် စတင်စစ်ဆေးနေပြီ

မွန်ပြည်နယ်မှ မြေသိမ်းမှုများ စုံစမ်းရေးကော်မရှင် စတင်စစ်ဆေးနေပြီ
by -
မဇ္စျိမ

မွန်ပြည်နယ်တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းဆည်းခံထားရသည့် လယ်ယာမြေများနှင့် ပတ်သက်ပြီး လယ်ယာမြေများနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က စတင်ကွင်းဆင်း စစ်ဆေးနေပြီဖြစ်သည်။

မွန်ပြည်နယ်မှ စုံစမ်းရေးကော်မရှင်သို့ တိုင်တန်းထားသည့် မြေသိမ်းခံရမှု ၁ဝဝ ကျော်ရှိသည့်အနက် ပထမဆုံးအကြိမ် စစ်ဆေးမှုအဖြစ် အမှုခုနစ်ခုကို မော်လမြိုင်တွင် ဇွန်လ ၁ဝ ရက်က စစ်ဆေးခဲ့သည်။

''အားလုံး တစ်ခါတည်းစစ်ဆေးဖို့က မလွယ်ဘူး။ အခု ကျွန်တော်တို့ကို တိုင်လာတဲ့အမှုတွဲ ခုနစ်ခုကို စစစ်မှာဖြစ်တယ်။

အဲဒီအမှုတွဲ ခုနစ်ခုမှာ တပ်မတော်နဲ့ဆိုင်တဲ့ အမှုတွဲလေးခုပါတယ်'' ဟု မွန်ပြည်နယ် မြေသိမ်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ခေါင်းဆောင် ဦးဌေးဝင်းက ပြောသည်။

ကော်မရှင်က ကွင်းဆင်းစစ်ဆေးရာတွင် ပထမဦးဆုံးအနေဖြင့် တပ်မတော်က ကုတင် ၃ဝဝ တပ်ဆေးရုံ
တည်ဆောက်မည်ဟုဆိုပြီး မော်လမြိုင်မြို့ရှိ ပြည်သူပိုင်မြေများကို လျော်ကြေးတစ်စုံတစ်ရာပေးဆောင်ခြင်း မရှိဘဲ ၁၉၉၆ ဝန်းကျင်ခန့်က သိမ်းဆည်းခဲ့မှုနှင့် ပတ်သက်ပြီး တိုင်တန်းချက်ကို စတင်စစ်ဆေးခဲ့သည်။

လယ်မြေ နှစ်ဧကခွဲခန့် အသိမ်းခံခဲ့ရသည့် ဒေါ်နွယ်နွယ်တင်က ''ဆေးရုံလည်း ခုထိမဆောက်ဖြစ်ဘူး တခြားနေရာမှာ ဆောက်လိုက်တယ်။ မြေကလည်း ခုထိ မြေလွတ်ပဲဖြစ်နေတာ။ ဒါကြောင့် ကျွန်မတို့မြေကို ကျွန်မတို့ပြန်ရဖို့ပါ။ အခု ဒီအဖွဲ့နဲ့ တိုက်ရိုက်တွေ့ရတော့ ပိုကောင်းတာပေါ့'' ဟု ပြောသည်။

ကော်မရှင်အနေဖြင့် မော်လမြိုင်မြို့နယ်မှ မြေသိမ်းမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သလို ဇွန်လ ၁၁ ရက်တွင် ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ်နှင့် လမိုင်းမြို့နယ်ခွဲအတွင်း စစ်တပ်မှ သိမ်းဆည်းထားသည့် အမှုတွဲ နှစ်ခုကိုလည်း စစ်ဆေးခဲ့သေးသည်။ ပြည်ထောင်စုလွှတ်တော်က လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းပေးထား သည့် မြေသိမ်းမှု စုံစမ်းရေးကော်မရှင်၏ မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း အတွက် မြေယာစုံစမ်းရေးကော်မရှင်ခွဲတွင် ဦးဌေးဝင်းက ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး၊
 ဒေါ်မိမြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဦးစိုင်းသန်းနိုင် နှင့် ဦးဝင်းဦးတို့ ပါဝင်ကြသည်။ မြေသိမ်းခံရမှု စုံစမ်းရေး ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်တွင် ၂ဝ၁၂ ခုနှစ် သြဂုတ်လအတွင်းက အဖွဲ့ဝင် ၆ဝ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့့ခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များခွဲ၍ စစ်ဆေးလျှက်ရှိသည်။