မြန်မာနိုင်ငံ အနောက်ဖက်ဒေသတွင် အိန္ဒိယက အကောင်အထည်ဖော်မည့် ဒေါ်လာ ၂၁၄ သန်းတန် ကုလားတန် ဘက်စုံစီမံကိန်း စတင်မဆောင်ရွက်မီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ စစ်ဆေးခြင်းများကို ဦးစွာ ပြုလုပ်သင့်ကြောင်း အိန္ဒိယ ဇီဝဗေဒ ပညာရှင်က ပြောဆိုလိုက်သည်။
Kaladanproject“ဒါဟာ သဘာဝ တောရိုင်းတိရိစ္ဆာန် တရားမဝင် မှောင်ခိုရောင်းဝယ်မှုရဲ့ အဓိက လမ်းကြောင်းကြီး ဖြစ်လာ လိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်းထားပါတယ်” ဟု ယင်းစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာစူးစမ်းမှုများကို ၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့သည့် ဇီဝဗေဒပညာရှင် ကက်ရှ်မီးရား ကာကာတီ (Kashmira Kakati) အား ကိုးကား၍ ဘန်ကောက်မြို့မှ ပေးပို့သည့် DPA သတင်းတရပ်တွင် အင်္ဂါနေ့ကရေးသားထားသည်။
အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး လမ်းကြောင်းသစ် ထူထောင်ရန်နှင့် ဒေသတွင်း တရုတ်နိုင်ငံ၏ သြဇာအာဏာ ကြီးမားလာမှုကို တန်ပြန်ရန်အတွက် ဆောင်ရွက်သည့် အိန္ဒိယ အစိုးရက ဘဏ္ဍာရေးထောက်ပံ့မည့် ဤကုလားတန် စီမံကိန်းသည် နယူးဒေလီရှိ ဗဟိုအစိုးရက ဆောင်ရွက်နေသော အရှေ့မျှော် မူဝါဒ၏ အခြေခံအုတ်မြစ်တခု ဖြစ်သည်။
ယင်းစီမံကိန်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ရန်၊ ချင်းပြည်နယ် ပလက်ဝမြို့နှင့် စစ်တွေမြို့ကိုဆက်သွယ်ပေးမည့် ၁၆၀ ကီလိုမီတာရှည် လမ်း ဖောက်လုပ်ရန်၊ ကီလိုမီတာ ၁၀၀ ရှည် ပလက်ဝမြို့မှ အိန္ဒိယနယ်စပ်မီဇိုရမ် ပြည်နယ်အထိ လမ်းဖောက်လုပ်ရန်တို့ ပါဝင်သည်။
ယင်းစီမံကိန်းအတွက် တခုတည်းသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာခြင်းကို မီဇိုရမ်ပြည်နယ်တွင်သာ ပြုလုပ်ခဲ့သည်။
“ဒီလမ်းဟာ ဘေးမဲ့တောထဲကို ၄ ကီလိုမီတာကနေ ၅ ကီလိုမီတာလောက်အထိ ဖြတ်သွားတာကိုတွေ့ခဲ့ရပါ တယ်” ဟု ကာကာတီ က ဘန်ကောက်မြို့တွင် DPA ကို ပြောသည်။
၎င်းတို့၏ လေ့လာတွေ့ရှိချက်များကို နယူးဒေလီရှိ ဗဟိုအစိုးရက လျစ်လျူရှုခဲ့သည်ဟုလည်း ဆိုသည်။
စစ်တွေ ဆိပ်ကမ်း ဆောက်လုပ်မှုမှာ ရှေ့နှစ်တွင် ပြီးစီးမည်ဖြစ်ပြီး တူးမြောင်းဖောက်လုပ်မှုနှင့် လမ်းအစိတ်အပိုင်းများနှင့် ဆိုင်သည့် လုပ်ငန်းများမှာ မစရသေးကြောင်း သိရှိရသည်။
ဘန်ကောက်ရှိ အိန္ဒိယ သံရုံးကမူ “အဆိုပြုထားတဲ့ ပလက်ဝကနေ အိန္ဒိယ-မြန်မာနယ်စပ်အထိ ဖောက်လုပ်မဲ့ လမ်းကြောင်းက အသေးစိတ်တွေ ဘာမှ မပြီးသေးပါဘူး။ အပြီးသတ် အစီအစဉ်တွေ လုပ်ပြီးရင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအတွက် လေ့လာစဉ်းစားမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု DPA ကို ပြောသည်။
မြန်မာနှင့်အိန္ဒိယ ချုပ်ဆိုထားသော သဘောတူစာချုပ်အရ ထိုသို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာစူးစမ်းမှုများ ပြုလုပ်ရန် မလိုအပ်ပေ။
ထိုစီမံကိန်းအခြေစိုက်ရာ ပြည်နယ်များမှာ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးနှင့် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် များ ဖြစ်ကြပြီး နှစ်နိုင်ငံ အစိုးရများ အကျိုးအပြင် ဒေသခံ ပြည်သူများ အကျိုးအတွက်လည်း သတိပြုစေလိုကြောင်း ရခိုင်နိုင်ငံရေးပါတီက ထောက်ပြသည်။
စီမံကိန်းမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်။
ကုလားတန်မြစ်ကို တူးချဲ့ကာ စစ်တွေမှ ပလက်ဝသို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ်ကို ဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန်
ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထိုစီမံကိန်းသည် သစ်တောဧရိယာ ၁၉၆.၇၅ ကတ်တာ ခုတ်ထွင်ရှင်းလင်းရမည်ဖြစ်ပြီး ထောင်ချီသည့် ဒေသခံများ၏ အိမ်ယာများ စွန့်လွှတ်ကြရမည်ဟု အိန္ဒိယ အမတ် အချို့က အိန္ဒိယဝန်ကြီးချုပ်အား အသိပေး ပြောဆိုထားခဲ့ဖူးသည်။
ကုလားတန် စီမံကိန်းကို အိန္ဒိယနှင့် မြန်မာအစိုးရတို့က ၂ဝဝ၈ ခုနှစ် ဧပြီလတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယ Essar ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက် ရှိသည်။ ထိုစီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်းများ ၂ဝဝ၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၃ တွင် အပြီးသတ်ရန် လျာထားသည်။
စစ်တွေမြို့တွင် အထူးစီးပွါးရေးဇုန် (SEZ) တခု တည်ထောင်ရေး စီမံကန်း ပို့ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ချေးမည်ဟု အိန္ဒိယ ကုန်သည်စက်မှုဝန်ကြီး ဇွန်လအတွင်း က နေပြည်တော် သို့ ရောက်ရှိစဉ် ကမ်းလှမ်းခဲ့သည်။
“စစ်တွေမြို့မှာ တည်ထောင်မယ့် SEZ အတွက် အိန္ဒိယနိုင်ငံက ပေးပို့မယ့် ပို့ကုန် ပစ္စည်းတွေကို ဝယ်ယူဘို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ချေးဘို့ ကမ်းလှမ်းခဲ့သည်” ဟု အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး လက်အောက်ရှိ ကုန်သွယ်ရေးဌာနက ဇွန်လ ၉ ရက်နေ့စွဲဖြင့် ကြေညာချက်ချက် ထုတ်ပြန်သည်။