သမ္မတနှင့် RCSS/SSA တို့ စစ်ပြေးဒုက္ခသည်များ နေရာချထားရန် ဆွေးနွေး

သမ္မတနှင့် RCSS/SSA တို့ စစ်ပြေးဒုက္ခသည်များ နေရာချထားရန် ဆွေးနွေး
by -
မဇ္စျိမ

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံကာ တခြားနိုင်ငံများတွင် ရောက်ရှိနေသောစစ်ပြေးဒုက္ခသည် များအားပြန်လည်ခေါ်ယူ နေရာချထားမှုများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း RCSS/SSA ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှက ပြောသည်။

၎င်းက ''ပြန်လည်ထူထောင်ရေးပိုင်းတွေမှာ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်ပေးသွားမယ်လို့ သမ္မတကြီးကလည်း ပြောပါတယ်။ စစ်ဘေးဒုက္ခသည်အဖြစ် တခြားနိုင်ငံမှာရွှေ့ပြောင်းလုပ်သားအဖြစ် ရွာလုံးကျွတ်ရောက်ရှိနေ သူတွေကို ပြန်လည်နေရာချထားရေး၊ ရွှေ့ပြောင်းလုပ်သား တွေအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်ပေးရေး တို့ကို ထပ်မံဆွေးနွေးဖို့ သမ္မတက ပြောကြားသွားပါတယ်'' ဟု ပြောသည်။

ထပ်မံတွေ့ဆုံရန်အတွက်မူ ရက်အတိအကျ ချိန်းဆိုမှုမရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားသည်။ ရှမ်းပြည်တောင်ပိုင်းမှ စစ်ဘေးဒဏ်ကြောင့် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သား များအဖြစ် သွားရောက်နေထိုင်သူ ငါးသိန်းခန့်ရှိနေပြီး ပြည်တွင်း IDP (စစ်ဘေးရှောင်သူ) တစ်သောင်းကျော် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် သမ္မတဦးသိန်းစိန်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် တို့တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ရန်၊ RCSS/SSA အား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပေးရန်၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်တွင် စစ်ပွဲများ ပြန်လည်ဖြစ်ပွား နေမှုကြောင့် ''ငြိမ်းချမ်းရေးပူးတွဲဖော်ဆောင်ရေးကော်မတီ'' တစ်ရပ်ဖွဲ့ပေးရန် တောင်းဆိုမှုခဲ့ရာ ယင်းကို သမ္မတက လက်ခံခဲ့ သည်။

RCSS/SSA တပ်အား မတရားအသင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကိုလည်း ထပ်မံတောင်းဆိုခဲ့ပြီး သမ္မတဦးသိန်း စိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီးမှသာ ထိုကိစ္စအားအကောင် အထည်ဖော် မည်ဟု ပြောခဲ့ကြောင်းလည်း ဦးစိုင်းလှ က ပြောသည်။

ရှမ်းပြည်(တောင်ပိုင်း) တပ်မတော်အား မတရားအသင်းမှ ဖျက်သိမ်းပေးရန် ၂ဝ၁၂ ခုနှစ် မေလ ၁၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတုံမြို့တွင် ဒုတိယအကြိမ် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင်လည်း တောင်းဆိုခဲ့ခြင်းဖြစ်ရာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဖျက်သိမ်းပေးမည်ဟု ကတိပြုခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်နှင့် RCSS/SSA တို့ ဇွန်လ ၁ဝ ရက်က နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဝန်ကြီးဦးအောင်မင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့သည်။ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ် မတော်ဘက်မှ ဒုဗိုလ်မှူးကြီး ယွက်စစ်နှင့် အတိုင်ပင်ခံ ဦးခွန်စိုင်း၊ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့ ဗိုလ်မှူးချုပ်အောင်ထွေး၊ ဆက်ဆံရေးရုံး တာဝန်ခံမှူး၊ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂ဝ၁၁ခုနှစ် ဒီဇင်ဘာလ ၂ရက်ကလက်မှတ်ရေးထိုးခဲ့ပြီး ယခုအကြိမ် သမ္မတနှင့် တွေ့ဆုံမှုသည်ခုနစ်ကြိမ်မြောက် ဖြစ်သည်။

RCSS/SSA နှင့် အစိုးရငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းဒေသတွင် စစ်ပွဲ ရဝ ကျော်ခန့်ဖြစ်ပွားပြီး ဖြစ်ကြောင်း ဦးစိုင်းလှကပြောသည်။

Most read this week